
ရိုက်ချက်ရှည်အကြောင်းလေ့လာခြင်း (ကျော်ဇေယျာလွင်)
[ 3:AM Magazine ကနေ စာရေးဆရာမ Janice Lee ကို သူမရဲ့ ထွက်ရှိမယ့်စာအုပ်အကြောင်း မေးမြန်းရင်း ဟန်ဂေရီရုပ်ရှင်ဆရာ Béla Tarr ရဲ့ ရုပ်ရှင်တွေနဲ့ သူ့ရဲ့ ရိုက်ချက်ရှည်များအကြောင်း ပါလာပါတယ်၊ ခင်ဗျားတို့လည်း ဖတ်ကြည့်သင့်တယ်၊ ကျွန်တော်တို့လည်း မှတ်သားစရာပါတယ်၊ ယူဆမိတဲ့အတွက် Cinéma de la Passion ကနေ တင်လိုက်ပါတယ် ]
မေး- ကဲ ခင်ဗျားရဲ့ အခုထွက်မဲ့ စာအုပ်လေးအကြောင်းပြောရင်း စရအောင်။
ဖြေ- အခုတလော Bela Tarr ရဲ့ ရုပ်ရှင်တွေကို ဆက်တိုက်ကြည့်ဖြစ်နေတာ။ Werckmeister Harmonies တို့၊ Damnation တို့ ၊ Satantangoတို့ ။လောလောလတ်လတ်ပဲ The Turin Horse ကို ကြည့်ပြီးသွားတာ။ အဲဒီရုပ်ရှင်တွေကို ထပ်ခါတလဲလဲကြည့်ဖြစ်နေတာကလည်း ထူးဆန်းတဲ့အရာတစ်ခုက စိတ်ကိုညို့ခိုင်းနေသလိုခံစားရလို့။ ဒါပေမဲ့ Bela Tarrရဲ့ ရိုက်ချက်ရှည်တွေ (long take) နဲ့ တခြားသူတွေရဲ့ ရိုက်ချက်ရှည်တွေကြား မတူတဲ့အချက်တွေကို စဉ်းစားနေမိတာတော့ ကြာပြီ။ Damnation ကော၊ Satantango ကော၊ Werckmeister Harmonies ကောပါ ဟန်ဂေရီစာရေးဆရာ Lazlo Krasznahorkai ရဲ့ ဝတ္ထုတွေကို မှီးရိုက်ထားတာ။ သူ့စာတွေကိုလည်း အခုတလောလိုက်ဖတ်ဖြစ်နေတော့ တော်တော်လေးကောင်းတာကို သတိထားမိတယ်။ သူက စာကြောင်းရှည်ကြီးတွေကို တောက်လျှောက် ကျော့ရေးတတ်တယ်။ စာကြောင်းကိုတနေရာရာကစပြီး မဆုံးနိုင်တဲ့ သူရဲ့ သိပ်သည်းတဲ့ အရေးအသားတွေ၊ စာပုဒ်စုတွေကို ဖြတ်ပီးမှ တခြားနေရာရာမှာ ပြန်ဆုံးတာ။ရိုက်ချက်ရှည်တွေကို ကြည့်ရင်ရတဲ့ ခံစားချက်နဲ့တော့ ဆင်တယ်။ ဒါပေမဲ့ တူတော့မတူဘူး။ စာကြောင်းတွေက တခါတလေ အရမ်းရိုးရှင်းတဲ့အရာတွေကို ဖော်ပြလေ့ရှိတယ်။ ဥပမာ-နားနေခန်းထဲကလူတွေ ဘယ်လိုတွေးတောခံစားနေတယ်ဆိုတဲ့ အကြောင်း။ ဒါ့အပြင် စာကြောင်းတွေက အဲဒီလူတွေရဲ့ ဘဝဖြစ်စဉ်တစ်ခုလုံးကိုလည်း ခြုံငုံဖော်ပြနိုင်သေးတယ်။ ပြီးတော့ သူတို့ရဲ့ ကံကြမ္မာတွေ၊ အနာဂတ်တွေ၊ စောင့်ဆိုင်းရခြင်းရဲ့ မဆုံးနိုင်တဲ့ ကြာညောင်းမှုတွေအကြောင်းကိုလည်း အလားတူပဲ ဖော်ပြနိုင်သေးတယ်။ စာဖတ်နေတုန်းမှာလည်း မမြင်နိုင်တဲ့ ဘုရားသခင်တမျိုးမျိုးဆီ ဖွင့်ဟဝန်ခံချက်ပေးနေရသလိုမျိုး ခံစားရစေတယ်။ ရှင်းပြဖို့တော့ အခက်သား။ ဒါပေမဲ့ ကျွန်မအတွက် ဘာလို့ Krasznhorkaiရဲ့ စာကြောင်းတွေက အသက်ဝင်လှပြီး Bela Tarr ရဲ့ ရိုက်ချက်ရှည်တွေက ထိမိနေရသလဲဆိုတာကို အရမ်းစိတ်ဝင်စားတယ်။
မေး- တာကော့စကီးလို့ပေါ့။ဟုတ်လား။
ဖြေ- လူတွေက အမြဲလိုလိုပဲ Bela Tarr ကို Tarkovski နဲ့ နှိုင်းကြတယ်။ ဝေဖန်ရေးဆရာ Jonathan Rosenbaum ကဆို “ဘာသာရေးမနွယ်တဲ့ တာကော့စကီး” လို့တောင် သုံးသေးတယ်။
Bela Tarr ကတော့ “တာကော့စကီးရုပ်ရှင်တွေက ဘာသာရေးဆန်တယ်။ ကျွန်တော်နဲ့ တခြားဆီပဲ။ ဘုရားသခင်အပေါ် သက်ဝင်မှုရှိတာမို့ သူ့မှာ အမြဲမျှော်လင့်ချက်ဆိုတာရှိတယ်။ နောက်ပြီး သူက ကျွန်တော့်တို့ထက်လည်း အများကြီးဖြူစင်တယ်။ ကျွန်တော်တို့ မြင်ခဲ့ကြုံခဲ့ရတာတွေက သူနဲ့မတူတော့ သူ့လိုရုပ်ရှင်တွေ ရိုက်ဖို့က မဖြစ်နိုင်သလောက်ပဲ။ သူ့ရိုက်ဟန်ကလည်း တမူကွဲနေတယ်လို့ကျွန်တော်ထင်တယ်။ အဲဒါမို့ သူ့ရုပ်ရှင်တွေကြည့်ရင် သိမ်မွေ့ညင်သာတဲ့ ခံစားမှုကို ပိုရတာ။” လို့ ပြောထားတယ်။
နောက်ထပ် Bela Tarrပြောခဲ့တဲ့ စကားလေး ရှိသေးတယ်။
“တာကော့စကီးရုပ်ရှင်ထဲက မိုးရေစက်တွေက လူတွေကို သန့်စင်သွားစေတာ။ကျွန်တော့်ရုပ်ရှင်တွေထဲကြ ရွှံ့ဖြစ်သွားရုံထက် မပိုဘူး။”
ဒါပေမဲ့ သူတို့နှစ်ယောက်ကြား တူညီတာလေးတွေတော့ ရှိတယ်။နှစ်ယောက်စလုံးက ရိုက်ချက်ရှည်တွေကို သုံးပီး “အချိန်ကို ထုစစ်” ကြတဲ့နေရာမှာ တူတယ်။ကမ္ဘာကြီးကို မြင်တဲ့ အမြင်ရှုထောင့်တွေမှာတော့ ကွဲပြားကြတယ်။
Bela Tarr ရုပ်ရှင်တွေ ကြည့်ရင် ဘုရားကျောင်းက ဖွင့်ဟဝန်ခံတဲ့ အခန်းလေးထဲမှာ အပြစ်ဖြေနေရသလို ခံစားရတယ်။ တခါမှမရောက်ဖူးပေမယ့် စိတ်ကူးတော့ ယဉ်ကြည့်ဖူးတယ်။ မလုံဖြစ်နေတဲ့ အပြစ်စိတ်ရယ်၊ဝေးကွင်းနေတဲ့ စိတ်ရယ်ကို တပြိုင်နက်တည်း အတွင်းကျကျခံစားရတာမျိုးထင်တယ်။ Bela Tarr ရုပ်ရှင်တွေက ဘာသာရေးမနွယ်ပေမဲ့ ဘာသာရေးအကြောင်း တလုံးတထွေးကြီးပြထားတဲ့ တချို့ရုပ်ရှင်တွေထက် ပိုဘာသာရေးဆန်သလိုခံစားရတယ်။ မမြင်ရတဲ့ ဝေဝေဝါးဝါးရှိတဲ့ ဘာသာရေးအငွေ့အသက်လေးတွေက ကျွန်မအတွက်ပိုထိရောက်တယ်။ ကျွန်မကလည်း ကျွန်မကိုယ်ပိုင်ရိုက်ချက်ရှည်တွေကို ချရေးဖို့ ကြိုးစားနေတာ။အရင်က ကျွန်မရေးခဲ့တာတွေနဲ့ မတူတဲ့ ဟန်မျိုးပေါ့လေ။ လှုပ်ရှားမှုအရွေ့လေးတွေ၊အရာဝတ္ထုလေးတွေကို သေချာဖော်ပြထားတဲ့ ပြကွက်ရှည်တွေ ရေးပြဖို့ ကြိုးစားနေတာ။ဒါပေမဲ့ အယူအဆတွေအပေါ် တမင်သက်သက် မှီခိုထားပီး ရေးတာတော့ မဟုတ်ဘူး။
မေး- သူ့ရုပ်ရှင်တွေကို လူတွေကြည့်တာ၊အနက်ပြန်တာနဲ့ပတ်သက်ပီး Bela Tarr က အကဲဆတ်တတ်တယ်။ အခုလို Bela Tarr ရုပ်ရှင်ဟန်အတိုင်း စာရေးတယ်ဆိုတာသိရင် ဘယ်လိုတုံ့ပြန်မယ်ထင်လဲ။
ဖြေ- Damnationကို ရေးနေတုန်းက Bela Tarr ကို စိတ်ထဲထားပြီး ရေးနေတာမဟုတ်ဘူး။ အဲဒီစာတွေ ရေးနေတုန်းကတော့ သူ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတော့ ဖြစ်နေပြီ။ Satantango တို့၊ Wreckmeister Harmonies တို့ကိုတော့ ကြည့်ပြီးသွားပြီ။ နောက်ပြီး အဲဒီ အချိန်က စိတ်ဓာတ်တွေကျလို့ စာရေးဖို့လည်း အကြံဉာဏ်မထွက်တော့တဲ့ အချိန်။ သူ့ရုပ်ရှင်တွေကို ကြည့်မိတော့ သူ့ရုပ်ရှင်ထဲက ကမ္ဘာမှာနဲ့ ကျွန်မဆီမှာ ဘာတွေဖြစ်နေလဲဆိုတာကို တွေးမိသွားတယ်ဆိုပါတော့။ အဲဒါနဲ့ သူ့ရုပ်ရှင်ထဲက ကမ္ဘာထဲမှာ ဖြစ်ပျက်နေတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေအကြောင်း စာကြမ်းလေးနည်းနည်းရေးမိတယ်။ ဇာတ်ကြောင်းသက်သက်ရှိပေမယ့် အကုန်လုံးက သူ့ရုပ်ရှင်တွေ ကြည့်ရင်းကနေ အာရုံရလာတာ။ သူ့ရုပ်ရှင်တွေက ကျွန်မအရေးအသားတွေကို ပြောင်းလဲလိုက်စေတယ်ပဲ ပြောရမှာပဲ။
မေး- လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ကော Bela Tarr ကို စဉ်းစားကြည့်မိဖူးလား။
ဖြေ- စာတွေရေးပြီးမှ ထည့်စဉ်းစားဖြစ်တာ။ ကျွန်မရေးထားတာတွေနဲ့ ပတ်သက်ပြီး ဘာလိုထင်မလဲဆိုတာတော့ ကျွန်မမသိဘူး။ အစက Jared Wooland နဲ့တွဲပြီး ဟန်ဂေရီစာရေးဆရာ Lazlo Krasznahorkai ရဲ့ Satantango ရဲ့ စာအုပ်ကို ဝေဖန်လေ့လာမှုတွေရေးတာကနေ စခဲ့တာ။ နောက်တော့ စာအုပ်တစ်အုပ်စာလောက် လိုမယ့် အလုပ်လို့ သတ်မှတ်ပြီး စာအုပ်ကို ရုပ်ရှင်နဲ့ ယှဉ်နှိုင်းယှဉ်လေ့လာကြတယ်။ လေ့လာမှုအတွက် သူတို့နှစ်ယောက်ရဲ့ အင်တာဗျုးတွေကို ရှာဖတ်ရတယ်လေ။ တခါတလေကြ သူတို့လက်ရာတွေနဲ့ ပတ်သက်ပြီး သူတို့ပြောတာတွေကို လက်မခံနိုင်တာမျိုးလည်း ကြုံရတယ်။ ဒါပေမဲ့ သူတို့ပြောတာတွေကို သဘောတူမိတာတွေလည်း အများကြီးပါ။ ဒါပေမဲ့ Bela Tarr က သူ့လက်ရာတွေကို ရှင်းပြရတာမျိူးကို မကြိုက်ဘူးထင်တယ်။ အဲဒါကလည်း နားလည်လို့ရတဲ့ အရာပါပဲ။ အနုပညာလက်ရာတစ်ခုချင်းဆီတိုင်းဟာ သူ့အနှစ်သာရနဲ့သူသက်သက်ရပ်တည်နေတာမျိုးကိုး။ ဒါပေမဲ့ သူ့လက်ရာတွေကို ကြည့်ပြီး လူတွေခံစားရတာကို ပြောင်းသွားအောင်တော့ သူလည်းတတ်နိုင်လိမ့်မယ် မထင်ဘူး။
မေး- အင်တာဗျုးတစ်ခုမှာ မျက်မှောက်ခေတ် ရုပ်ရှင်လောကနဲ့ ပတ်သက်ပြီး သူပြောထားတာတစ်ခုရှိတယ်။ သူက ဟောလိဝုဒ်ကရုပ်ရှင်တွေကို ဆန့်ကျင်တယ်တဲ့။ ရုပ်ရှင်ဟာ အစစ်အမှန်လောကတို့၊အချိန်တို့လို အရာတွေကို ဖော်ပြရမှာဖြစ်တယ်။ အစစ်အမှန်ကမ္ဘာဆိုတဲ့ စကားလုံးကို သူ အမြဲသုံးတတ်တယ်။အစစ်အမှန်လောကကို ရှာဖွေဖို့လည်း ပြောတယ်။ခင်ဗျားက သူပြောတာတွေကို သဘောတူလား။
ဖြေ- ရုပ်ရှင်က လုပ်ဆောင်နိုင်တဲ့အလုပ်တွေအများကြီးရှိတယ်လို့ ကျွန်မယူဆတယ်။ ကျွန်မဆိုလည်း အက်ရှင်ရုပ်ရှင်တွေကို ကြိုက်တယ်။ နောက်ဆုံးထွက်ထားတဲ့ Fast and furious ရုပ်ရှင်ကိုတောင် သွားကြည့်ခဲ့သေးတယ်။ အဲဒီလိုရုပ်ရှင်ကပေးတဲ့ အရသာနဲ့ Bela Tarr ရုပ်ရှင်ကပေးတာနဲ့ အများကြီးကွာတယ်။ရုပ်ရှင်ကို တစ်မျိုးတည်းသတ်မှတ်ထားလို့ ရမရတော့ ကျွန်မလည်း မပြောတတ်ဘူး။
မေး- Fast and furiousလို ရုပ်ရှင်မျိုးက လုပ်ဆောင်တာက အပန်းဖြေဖို့ ရည်ရွယ်ချက်ပေါ့။
ဖြေ- အပန်းပြေစေဖို့နဲ့ တချို့ခံစားမှုတွေကို ရစေဖို့ပေါ့။ Bela Tarrရုပ်ရှင်နဲ့တော့ မတူဘူး။ “အစစ်အမှန်လောက” ဆိုတဲ့ စကားလုံးကို ခဏခဏသုံးတာတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာလို့လဲဆိုတော့ Jared နဲ့ ကျွန်မ သူ့ရုပ်ရှင်တွေအကြောင်း ဆွေးနွေးရင်း ပြောမိတဲ့ထဲက အချက်တစ်ခုက သူ့ရုပ်ရှင်တွေက အစစ်အမှန်ကို လှောင်ထားသလိုပဲ ဆိုတာ။ ဟုတ်တယ်။ သူ့ရုပ်ရှင်တွေက တကယ့်အပြင်အချိန်နဲ့ တထပ်တည်းကျနေတဲ့ ရိုက်ချက်ရှည်တွေနဲ့ ဖွဲ့စည်းထားတာမှန်ပေမယ့် ရုပ်ရှင်ထဲက ဖြစ်ရပ်တွေက လောကကို ထင်ဟပ်ပြနေတဲ့ သရုပ်မှန် ပြကွက်တွေလိုဖြစ်မနေဘူး။ သူ့အစောပိုင်း မှတ်တမ်းဇာတ်လမ်းဟန်ရုပ်ရှင်တွေကနေ စလာတယ်ထင်တာပဲ။ နေရာတွေ ဒါမှမဟုတ် နံရံမျက်နှာပြင်တွေကို ရိုက်ပြထားရင် တကယ့်အပြင်ကအတိုင်း စစ်မှန်မှုကို ခံစားရစေပေမယ့် ဇာတ်လမ်းဆန်နေတဲ့ ကမ္ဘာကြီးကို ပြနေတဲ့ ဒဿနဆန်တဲ့ သရုပ်ဆောင်တွေရဲ့ လှုပ်ရှားမှုတွေ၊ဒိုင်ယာလော့တွေလည်း ပါနေသေးတယ်။ ကြည့်သူတွေက ရုပ်ရှင်ဟာ တမင်ဇာတ်ဆင်ပြထားတယ်ဆိုတာကို အမြဲလိုလိုပဲ ခံစားနေရစေတယ်။
မေး- ဟုတ်တယ်။ Bela Tarrက မှတ်တမ်းရုပ်ရှင်စစ်စစ်တွေ ရိုက်နေတာမဟုတ်ဘူး။ ဇာတ်ဆန်တဲ့ အရည်အသွေးတစ်ခုခုတော့ ပါလေ့ရှိတယ်။ နောက် Bela Tarr ရဲ့ ရိုက်ချက်ရှည်တွေက နာမ်ပိုင်းဆိုင်ရာတစ်ခုခုကို ဖမ်းဆုတ်ပြဖို့ ကြိုစားနေတာ မဟုတ်လား။
ဖြေ- တနည်းအားဖြင့်တော့ ဟုတ်တယ်လို့ပြောရတယ်။ ကြည့်ရဆိုးတဲ့ အစစ်အမှန်လောကကို လေးလေးတွဲ့တွဲ့ပြရင်း နာမ်ပိုင်းဆိုင်ရာတစ်ခုခုကို ဖမ်းဆုတ်ဖို့ ကြိုးစားနေတာလို့ ထင်တယ်။ တခြားရုပ်ရှင်တွေမှာကြ ရိုက်ချက်ရှည်တွေက ရိုက်နေတဲ့ပြကွက်ထဲက အလှကိုတင်ပြချင်တာ။ အလှပုံဖော်ကျုးတယ်လို့တောင် ပြောရတယ်။ Bela Tarrရုပ်ရှင်တွေမှာကြ သူရိုက်ပြတဲ့အရာတွေဟာ ရိုက်ချက်ရှည်ကြီးနဲ့ ပြဖို့မလိုတဲ့ အရာတွေလို့တောင် ထင်စရာ။ တခါတလေ လူတစ်ယောက် အိပ်ပျော်နေတာ။ မိုးတွေ ရွာနေတာကို အကြာကြီးရိုက်ပြထားတယ်။ Satantangoထဲမှာ ဇာတ်ဝင်ခန်းတစ်ခုပါတယ်။ ဆရာဝန်တစ်ယောက်။သူ့ခန္တာကိုယ်ကြီးက ဝပီးကြီးလွန်းတော့ မနည်းသွားနေရတဲ့အခန်း။ တောအုပ်ထဲမှာ ဆရာဝန်လမ်းလျောက်နေတာကို ၁၅မိနစ်လောက်ကြာအောင် ပြထားတယ်။ တခါတလေ သစ်ပင်တွေကြားထဲရောက်သွားတော့ သူ့ကိုမမြင်ရတော့ဘူး။ နောက်ပြီး မှောင်ကမှောင်နေသေးတယ်။ ကြည့်ရတာ စိတ်မသက်မသာဖြစ်မိတယ်။ တော်တော်ကြီးလည်း အားထုတ်လိုက်ရတယ်။ ဘာလို့ အဲဒီလောက်ကြာအောင်ပြထားလည်း ဆိုတာတော့ ကျွန်မတို့ကြည့်သူတွေ သေချာမသိဘူး။တခြားရုပ်ရှင်တွေလို အပန်းဖြေအရသာခံကြည့်ရတဲ့ ပမာဏထက် ပြချိန်က ကျော်နေတာတော့ သိတယ်။အဲဒီဆရာဝန်နဲ့အတူ တချိန်တည်းမှာ ဖြစ်တည်နေရတဲ့ခံစားမှုမျိုးတော့ ရတယ်။ ထူးခြားတဲ့ ရင်းနှီးဆက်သွယ်မှုကိုလည်း ရစေတယ်။ Beckett ရဲ့ စာသားဖြစ်တဲ့ “ငါတော့ ရှေ့မဆက်နိုင်တော့ဘူး။ ရှေ့ဆက်ဖြစ်အောင်လည်း လုပ်ကိုလုပ်ရဦးမယ်”ဆိုတာမျိုး။ ဒါမှမဟုတ် Peggy Leeရဲ့ “ဒါအကုန်ပဲလားရှင်” ဆိုတာမျိုး။
မေး- ကြားရတာ မသက်မသာရှိလိုက်တာဗျာ။
ဖြေ- ဟုတ်တယ်လို့လည်းပြောရတယ်။ ဒါပေမဲ့ တကယ်တော့ မဟုတ်ဘူး။ Bela Tarr ရဲ့ နောက်ဆုံးရုပ်ရှင် The Turin Horse ကိုပဲကြည့်။ ရုပ်ရှင်ခေါင်းစဉ်က နိချေးဆီကယူထားတာ။ နိချေးလမ်းလျောက်ရင်း လမ်းပေါ်မှာ လူတစ်ယောက်က မြင်းတစ်ကောင်ကို ရိုက်နေတဲ့အဖြစ်ကို ကြုံရတဲ့ဖြစ်ရပ်ကနေလာတာ။ရုပ်ရှင်ကို လူတစ်ယောက်ရယ်၊ သူ့သမီးရယ်၊ မြင်းတစ်ယောက်ရယ်ကို ပြရင်း စထားတယ်။ သူတို့နေစဉ်အလုပ်တွေလုပ်နေတာကိုပဲ ရိုက်ချက်ရှည်တွေနဲ့ ရိုက်ပြထားတာ။ ဥပမာဆို သူတို့အင်္ကျီဝတ်နေတာတွေ၊အာလူးစားနေတာတွေကို အကြာကြီးရိုက်ပြထားတယ်။ နောက် ရုပ်ရှင်ထဲမှာ ၆ရက်လောက် ဆက်တိုက်အဲဒီလိုဖြစ်ရပ်တွေပဲ ဖြစ်နေတာ။ ကြည့်သူတစ်ယောက်အနေနဲ့ သဘောပေါက်လာတာက အဲဒီလိုနေ့စဉ်အလုပ်တွေကို ရိုက်ပြတာဟာ လိုအပ်တယ်ဆိုတာပါ။ အဲဒါမှ နည်းနည်းလောက်ပြောင်းလဲသွားတာနဲ့ ရိုက်ခတ်မှုအကြီးကြီးရှိတယ်ဆိုတဲ့သဘောကို နားလည်မှာလေ။ ဥပမာပြောရမယ်ဆိုရင် ရုပ်ရှင်ထဲမှာ သူတို့စားသောက်နေတဲ့အခန်းကို တပုံစံတည်းလေးကြိမ်လောက်ပြပြီးပြီ။ ဒါပေမဲ့ တရက်ကြ ဂျစ်ပဆီတွေ သူတို့ခြံ ရေတွင်းထဲက ရေကို သောက်ဖို့လုပ်နေတာကို ပြတယ်။ အဲဒီမှာ သူတို့နေ့စဉ်လုပ်နေတဲ့အလုပ်ဟာ ပြတ်တောက်သွားတယ်။ ကြည့်သူတစ်ယောက်အနေနဲ့ လည်း သတိထားမိသွားစေတယ်လေ။
မေး- Zizekပြောတာကိုတောင် သတိရမိတယ်။ Zizek က Psycho ရုပ်ရှင်ထဲမှာ သူအကြိုက်ဆုံးအခန်းက Norman Bates တယောက်လူသတ်အပြီး ရေချိုးခန်းကို သန့်ရှင်းရေးလုပ်နေတဲ့ ဇာတ်ဝင်ခန်းလို့ ပြောတာလေ။ အဲဒီလို သန့်ရှင်းရေးလုပ်နေတာကိုပဲ ၁၀မိနစ်လောက်ကြာအောင် ရိုက်ပြထားတယ်။ Zizekက ခင်ဗျားပြောသလိုပဲ ရိုက်ချက်ရှည်တွေဟာ လုံခြုံရင်းနှီးစေတဲ့ ခံစားမှုကို ပေးတယ်လို့ ပြောတယ်။ဒါပေမဲ့ လူတစ်ယောက် နေ့စဉ်သာမန်အလုပ် လုပ်နေတာကို အကြာကြီးရိုက်ပြထားတာကို ကြည့်ရတာကတော့ တမူပိုထူးတယ်လို့ပြောထားသေးတယ်။
ဖြေ- ကျွန်မအထင်တော့ အဲဒီလိုအခိုက်အတန့်မျိုးကို ပြတဲ့ရိုက်ချက်တွေက ကျွန်မတို့ရဲ့ ဆုံးဖြတ်အနက်ပြန်တဲ့ဖြစ်စဉ်ကို ခဏရပ်ဆိုင်းထားစေတာမျိုး။ ရိုက်ချက်ရှည်တွေနဲ့ ပတ်သက်ပီး ပါဆိုလီနီပြောထားတဲ့ အတိုင်းဆို တည်းဖြတ်မှုတစ်ခုပြုလုပ်လိုက်တယ်ဆိုတာ ပီးပြည့်သွားတဲ့ ခံစားမှုကိုပေးစေတာ။ အဲဒါမို့ ရိုက်ချက်ရှည်တွေဟာ အာရုံခံစားမှုအရ ပစ္စုပ္ပန်မှာ ဖြစ်နေသလိုခံစားရစေတာ။ တည်းဖြတ်လိုက်ပြီဆိုတော့မှ အတိတ်ကို ရောက်သွားတာ။ ရိုက်ချက်ရှည်ကို ကြည့်နေတုန်းဆို ပြကွက် မပြီးမချင်း(တည်းဖြတ်မှု မလုပ်မချင်း) စိတ်တွင်းမှာဘာတွေခံစားနေရလဲဆိုတာနဲ့ ရုပ်ရှင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လွှဲပြောင်းကြည့်လို့မရသေးဘူး။ အာရုံထဲတွေးရင်တော့ တွေးမိနေလိမ့်မယ်။ ဒါပေမဲ့ တွေးနေသမျှသလည်း ပစ္စုပ္ပန့်အခိုက်လေးကို ခံစားမြင်နေတာသက်သက်ပဲ။ ဒါမှမဟုတ် အတွင်းထဲမှာ ခံစားနေရတာတွေလည်း ဖြစ်နိုင်တယ်။ ရိုက်ချက်ရှည်ပြကွက် မပြီးမချင်း အဲဒီနှစ်ခုကို ချိတ်ဆက်ကြည့်လို့ရမှာမဟုတ်ဘူး။
မေး- ရိုက်ချက်ရှည်တွေအကြောင်းကို သတိထားမိနေတာကြာပီလား။
ဖြေ- ဟိုးအကြာကြီးကတည်းက ကျွန်မစိတ်ထဲရှိနေတာ။ ဒါပေမဲ့ အခုကြ ကျွန်မစာတွေက အဲဒီရိုက်ချက်တွေနဲ့ပိုဆိုင်လာတာလဲ ပါတာပေါ့။
မေး- သုံးပါများလာရင်ကော ရိုးမသွားနိုင်ဘူးလား။အဲဒီအခါကြရင်ကော စိတ်ဝင်စားစရာကောင်းပါဦးမလား။
ဖြေ- ရိုက်ချက်ရှည်ဆိုတာကလည်း လူတိုင်းသုံးလို့ရတဲ့ နည်းစနစ်တစ်ခုပဲလေ။
မေး- ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ သူအကြိုက်ဆုံးဒါရိုက်တာက Eric Rohmer လို့ ပြောတယ်။ ဒါပေမဲ့ သူ့ရုပ်ရှင်တွေက ဘယ်လောက်စစ်မှန်ပါတယ်ပြောပြော ဇာတ်လမ်းတွေက အပ်ကြောင်းထပ်နေတာ မဟုတ်လား။ ခင်ဗျားသိတဲ့အတိုင်းပဲ Rohmer ရုပ်ရှင်တိုင်းမှာ အဓိကဇာတ်ကောင်က အစမှာ ကောင်မလေးတွေနဲ့ တွေ့မယ်။ ဇနီးကို သစ္စာမဖောက်ရက်ဘူး။ ဒါမှမဟုတ်ရင်လည်း ကောင်မလေးငယ်ငယ်လေးတွေဆီကနေ အခွင့်အရေးမယူရက်ဘူး စသဖြင့် နောက်ဆုံးကြ မှန်ကန်တဲ့ဖက်ပဲ ရွေးသွားတာမို့လား။
ဖြေ- ရိုက်ချက်ရှည်တွေတိုင်းက တူညီတဲ့အဆင့်မှာရှိတာမဟုတ်ဘူး။ ကျွန်မအတွက်ကတော့ အောင်မြင်တဲ့ရိုက်ချက်ရှည်ဆိုတာ မတူညီတဲ့အခိုက်အတန့်တွေကို ပေါင်းစပ်ပြနိုင်တာ။ တဆက်တည်းပြနေတာဖြစ်နေရင်တောင်မှ အဖြောင့်သဘောတော့ သွားနေတာ ဟုတ်ချင်မှဟုတ်မယ်။ ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာတော့ ရိုက်ချက်ရှည်တွေက ဇာတ်ကွက်ကို ကူညီဖို့အတွက် ထည့်ထားတာမျိုး။ ဥပမာ-Orson Wellesရဲ့ ရုပ်ရှင်ထဲက ရိုက်ချက်ရှည်တွေနဲ့ Wong Kar Wai ဒါမှမဟုတ် Bela Tarrရဲ့ ရုပ်ရှင်ထဲက ရိုက်ချက်ရှည်တွေ လုပ်ဆောင်ပုံခြင်းတူမှာမဟုတ်ဘူး။ စကားမစပ် ရှင် Satantango ကို ကြည့်ဖူးလား။
မေး- မကြည့်ဖူးသေးဘူး။
ဖြေ- ရုပ်ရှင်က ခုနစ်နာရီလောက်ကြာတယ်။ တချို့ဆို ကြည့်ရင်း အိပ်ပျော်သွားကြတယ်။ တချို့ကြ ကြည့်ရင်း အိပ်ပျော်ပီး တရေးပြန်နိုးလာသေးတယ်။Satantangoရုပ်ရှင်ရဲ့ အဖွင့်ခန်းကိုက အရမ်းမိုက်တာ။ နွားတွေကို ဆယ်မိနစ်လောက်ကြာအောင် ရိုက်ပြထားတာ။ ကင်မရာက နွားတွေနဲ့အတူ လိုက်ရွေ့နေသလိုပဲ။ တခါမှာကြ နွားတစ်ကောင်က တခြားနွားတစ်ကောင်ပေါ် တက်ခွနေသေးတယ်။ သူတို့ရဲ့ အသံဆွဲပီး အော်တဲ့အသံတွေကလည်း အတိုင်းသားကြားနေရတယ်။ မိုးကလည်း ကျနေသေး။ အဲဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပီး ရေးထားတာကို ဖတ်ဖူးတယ်။ ကြည့်နေတုန်းကြ အဲဒီနွားတွေ သွားချင်သလိုသွားနေတာကို ရိုက်ထားတာနဲ့ တူတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးရဖို့ ခဏခဏကြိုးစားပြီး ရိုက်ထားရတာလည်း ဖြစ်နိုင်တာပဲလေ။ ပြောရမယ်ဆိုရင် နွားတွေ သွားချင်သလို သွားနေတာကို ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်ဆန်ဆန်ပြကွက်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကင်မရာကဖြေးဖြေးလေး လိုက်ရွေ့နေတော့ ကင်မရာကို သတိထားမိစေတယ်။ ဇာတ်လမ်းရုပ်ရှင်နဲ့ မှတ်တမ်းရုပ်ရှင် နှစ်ခုကို ထူးခြားစွာ ပေါင်းစပ်ပြထားသလိုမျိုး။
မေး- အခုလောလောဆယ် Jon Wagner နဲ့ တွဲပြီး အလုပ်လုပ်နေတာလား။
ဖြေ- Jon Wagnerနဲ့က ရိုက်ချက်ရှည်တွေအကြောင်း နည်းနည်းပဲ ပြောဖြစ်တယ်။ ပါဆိုလီနီရုပ်ရှင်တွေအကြောင်း ပိုပြောဖြစ်တယ်။ သူက အရင်တုန်းကတော့တာကော့စကီးကို အကြိုက်ဆုံးတဲ့။ အခုတော့ Bela Tarrက ပိုကောင်းတယ် ထင်နေတယ်လေ။ ကျွန်မလည်း Bela Tarrရုပ်ရှင်တွေ မကြည့်ရသေးခင်အထိတော့ တာကော့စကီးရဲ့ အမာခံပရိသတ်ပဲ။ Bela Tarr ရုပ်ရှင်တွေကို ကြည့်အပြီး ရလာတဲ့ ခံစားမှုမျိုး ဘယ်မှာမှမရဖူးဘူး။ ကျွန်မတို့နှစ်ယောက် Bela Tarrရဲ့ ရိုက်ချက်ရှည်တွေကို ကြည့်အပြီး ခံစားရတဲ့ လင်းပွင့်မှုတွေအကြောင်းပြောဖြစ်သေးတယ်။နားလည်တာနဲ့ လင်းပွင့်တာ မတူဘူးနော်။ နားမလည်လည်း လင်းပွင့်မှုကို ခံစားလို့ရတယ်။
မေး- သူက ပျင်းရိမှုကို ထည့်ပြဖို့ ကြိုးစားသေးသလား။ Godard ခဏခဏ လုပ်ပြသလိုပေါ့။
ဖြေ- ကျွန်မတစ်ယောက်တည်းအနေနဲ့ဆိုရင်တော့ ငြင်းရမှာပဲ။ ရိုက်ချက်ရှည်တွေကို ပျင်းစရာကောင်းတယ်လို့ ထင်တဲ့သူလည်း ရှိတော့ ရှိမှာပါ။ နည်းနည်းလေး သည်းခံဖို့တော့ လိုမယ်ထင်တယ်။ ရိုက်ချက်ရှည်တွေ ဒါမှမဟုတ် အဲဒီလိုရိုက်ချက်တွေပါတဲ့ ရုပ်ရှင်တွေကို မကြိုက်တဲ့သူဆိုရင်တော့လည်း
မေး- Andy Warhol ရုပ်ရှင်တွေတော့ မကြိုက်ဘူးဗျ
ဖြေ- ကျွန်မလည်း တူတူပါပဲ။ Bela Tarrရဲ့ ရုပ်ရှင်က ခုနစ်နာရီသာ ကြာတာ။ မသိသာဘူး။ တခြားလူတွေနဲ့ အဲဒီရုပ်ရှင်ကို တူတူကြည့်ဖူးတယ်။ ခုနစ်နာရီတောင် ကြာတယ်လို့ ခံစားရတဲ့သူနည်းတယ်။ နောက်ပြီး ပေးရတဲ့အချိန်နဲ့လည်း တန်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ဘယ်လိုခံစားရလဲဆိုတာတော့ အတိအကျရှင်းပြဖို့ ခက်တယ်။ ကျွန်မခံစားရတာနဲ့ တူညီတဲ့ အက်ဆေးလေးတစ်ပုဒ်တော့ ရှိတယ်။ အဲဒါကတော့ ရိုက်ချက်ရှည်တွေနဲ့ ပတ်သက်ပီး ပါဆိုလီနီရေးထားတဲ့အက်ဆေးလေး။ Bela Tarrရုပ်ရှင်တွေနဲ့ ပတ်သက်ပီး ရုပ်ရှင်ခံစားမှုဆောင်းပါးတွေ၊ အညွှန်းတွေကလွဲလို့ သေသေချာချာလေ့လာသုံးသပ်ပြထားတာလည်း ရှားတယ်။ အခုလောလောလတ်လတ်တော့ The cinema of Bela Tarr:The circle closes ဆိုတဲ့ Bela Tarr ရဲ့ ရုပ်ရှင်တွေကို ဆန်းစစ်ပြထားတဲ့ စာအုပ်ရယ်၊Jacques Raciereရဲ့ Bela Tarr:The time afterဆိုတဲ့ စာအုပ်တွေ ထွက်လာတယ်။
မေး- သူ့ရုပ်ရှင်တွေမှာ မရိုက်ကူးခင် ကြိုတင်ပြင်ဆင်ရတဲ့ အလုပ်တွေ ဘယ်လောက်တောင် ရှိမလဲဆိုတာတော့ သိချင်မိတယ်။ သတင်းတစ်ခုမှာ ရေးထားတဲ့အတိုင်းဆို MacBeth ရုပ်ရှင်ရိုက်တုန်းက တနာရီစာ ရိုက်ဖို့ကို သုံးနာရီလောက် ကြိုတင် ရီဟာဇယ်လုပ်ရတယ်ဆိုပဲ။ ရိုက်တုန်းလည်း သရုပ်ဆောင်တစ်ယောက်ယောက်က အမှားလေးလုပ်မိပီဆိုတာနဲ့ အစကနေ ပြန်စရတယ်ပြောတယ်။
ဖြေ- ဟုတ်တယ်။ ကကွက်ဆန်းဆန်းကနေရသလိုပေါ့။
မေး- ဟုတ်မယ်။ ရိုက်ချက်ရှည်တွေမှာကြ ကကွက်တွေလို သရုပ်ဆောင်တွေ တပြေးညီအကွက်ကျကျလှုပ်ရှားနေဖို့က လိုတာကိုး။
ဖြေ- ရိုက်ချက်ရှည်တွေမှာလည်း ပုံစံအမျိုးမျိုးရှိတယ်။ Orson Wellesရဲ့ Touch of evilထဲက နာမည်ကြီးရိုက်ချက်ရှည်ကကြ ကြည့်သူကို စိတ်လှုပ်ရှားခံစားစေဖို့ ရည်ရွယ်တာမျိုး။ နောက် Good Bye, Dragon Inn ထဲကလို ရိုက်ချက်ရှည်မျိုးတွေလည်း ရှိသေးတယ်။ အဲဒီလိုရိုက်ချက်ရှည်မျိုးတွေမှာကြ ကြည့်ရတာ ကြိုးစားအားထုတ်မှုလိုတယ်။ ဒါပေမဲ့ သူ့အလှနဲ့သူတော့ ရှိတယ်။ ရုပ်ရှင်ရဲ့ နောက်ဆုံးရိုက်ချက်မှာဆို ရုပ်ရှင်ရုံထဲကမြင်ကွင်းကို ရိုက်ပြထားတာ။ ကင်မရာက လှုပ်ရှားမှုဖြစ်နေတဲ့နေရာနဲ့ အဝေးကြီးမှာ။ အဘွားကြီးတစ်ယောက်က နှေးနှေးကွေးကွေးလေး လမ်းလျောက်လာပီး ထိုင်ခုံတွေကို ဖုံသုတ်နေတယ်။ အင်တာဗျုးတစ်ခုထဲမှာ Ming-liang Tsaiက အဲဒီရိုက်ချက်ဟာ ရုပ်ရှင်ရုံကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ထားတာလို့ဖြေတယ်။ အဲဒီရုပ်ရှင်ရုံကလည်း ရုပ်ရှင်ရိုက်ပီးတာနဲ့ အဖျက်ခံလိုက်ရတာမို့လား။ အဲဒါမို့ သူက ရိုက်ချက်ကို ကြာနိုင်သမျှကြာအောင် ရိုက်ပြချင်တာ။Orson Wellesရဲ့ ရိုက်ချက်ရှည်တွေနဲ့ ကွာတယ်လေ။Bela Tarrကကြ “တကယ့်အချိန်”ထဲမှာ ဖြစ်နေတာကို ရိုက်ပြချင်တာ။အဲဒါမို့ သူ့ရုပ်ရှင်တွေထဲမှာ လူတွေဟာ အပြင်မှာထက်တောင် နှေးနေသလိုခံစားရတာ။
မေး- ရိုက်ချက်ရှည်ပြကွက်ထဲမှာလား။
ဖြေ- ဥပမာပေးပြောရမယ်ဆို Satantangoထဲမှာ ခုနကပြောတဲ့ ဆရာဝန်ဇာတ်ကောင်ပါတယ်။ ဆရာဝန်ဟာ ကျန်းမာရေး မာမာချာချာရှိလှတာမဟုတ်ဘူး။ အမြဲတမ်း အသက်ကို ပြင်းပြင်းရှုနေရတာကို တွေ့ရတယ်။ ကင်မရာက မကြာခဏဆိုသလို ဘေးချင်းကပ်ရပ်ကနေရိုက်ပြထားတော့ ကြည့်သူအတွက် စိတ်မသက်မသာဖြစ်စေတယ်။ ဆရာဝန်ဇာတ်ကောင်က အရာအားလုံးကို မှတ်စုစာအုပ်လေးတွေထဲ ရေးရေးပီး မှတ်တမ်းတင်ထားလေ့ရှိတယ်။ သူလုပ်သမျှအရာတိုင်း (ဥပမာ ရေသောက်တာကစ)ကလည်း အရမ်းကြာတယ်။ တကယ့်အပြင်ကလူတစ်ယောက်လုပ်ရင်တောင် သူ့လောက်ကြာမှာမဟုတ်သလိုပဲ။ သူရေငှဲ့နေတာက ကြာပီး ဖိတ်ကျတော့မလိုတောင် ဖြစ်နေတော့ သူ့အစားဝင်ထည့်ပေးချင်စိတ်တောင်ဖြစ်လောက်အောင်အထိပဲ။ အဲဒီလိုပြကွက်တွေက သရုပ်မှန်ဖြစ်တာတင်မကတော့ဘူး။သရုပ်မှန်တာထက်တောင် လွန်နေတာ။ (hyperrealistic)
မေး- Bela Tarr ရုပ်ရှင်တွေချည်း အချိန်အကြာကြီး ကြည့်ပြီး ဟောလိဝုဒ်ရုပ်ရှင်တွေ ပြန်ကြည့်တော့ ဘယ်လိုနေလဲ။ ခက်ခဲမှုတွေကြုံရသေးလား။
ဖြေ- တကယ်တော့ ပိုတောင်ချောမွေ့သွားသေးတယ်။ကျွန်မအတွက်ကတော့ Bela Tarr ရုပ်ရှင်တွေချည်းတသက်လုံးကြည့်နေနိုင်မှာမဟုတ်သလို Fast and furious လိုဟောလိဝုဒ်ရုပ်ရှင်တွေချည်းလည်း ထိုင်ကြည့်နေနိုင်မှာမဟုတ်ဘူး။ နှစ်မျိုးစလုံးကို လိုအပ်တာ သေချာတယ်။
2013 ထွက် 3:AM မဂ္ဂဇင်းပါ Janice Lee အင်တာဗျုးကို ပြန်တယ်။
ကျော်ဇေယျာလွင်
၂၀၁၈























