
ရိုက္ခ်က္ရွည္အေၾကာင္းေလ့လာျခင္း (ေက်ာ္ေဇယ်ာလြင္)
[zawgyi]
[ 3:AM Magazine ကေန စာေရးဆရာမ Janice Lee ကို သူမရဲ႕ ထြက္ရွိမယ့္စာအုပ္အေၾကာင္း ေမးျမန္းရင္း ဟန္ေဂရီ႐ုပ္ရွင္ဆရာ Béla Tarr ရဲ႕ ႐ုပ္ရွင္ေတြနဲ႕ သူ႕ရဲ႕ ရိုက္ခ်က္ရွည္မ်ားအေၾကာင္း ပါလာပါတယ္၊ ခင္ဗ်ားတို႔လည္း ဖတ္ၾကည့္သင့္တယ္၊ ကြၽန္ေတာ္တို႔လည္း မွတ္သားစရာပါတယ္၊ ယူဆမိတဲ့အတြက္ Cinéma de la Passion ကေန တင္လိုက္ပါတယ္ ]
ေမး- ကဲ ခင္ဗ်ားရဲ႕ အခုထြက္မဲ့ စာအုပ္ေလးအေၾကာင္းေျပာရင္း စရေအာင္။
ေျဖ- အခုတေလာ Bela Tarr ရဲ႕ ႐ုပ္ရွင္ေတြကို ဆက္တိုက္ၾကည့္ျဖစ္ေနတာ။ Werckmeister Harmonies တို႔၊ Damnation တို႔ ၊ Satantangoတို႔ ။ေလာေလာလတ္လတ္ပဲ The Turin Horse ကို ၾကည့္ၿပီးသြားတာ။ အဲဒီ႐ုပ္ရွင္ေတြကို ထပ္ခါတလဲလဲၾကည့္ျဖစ္ေနတာကလည္း ထူးဆန္းတဲ့အရာတစ္ခုက စိတ္ကိုညို႔ခိုင္းေနသလိုခံစားရလို႔။ ဒါေပမဲ့ Bela Tarrရဲ႕ ရိုက္ခ်က္ရွည္ေတြ (long take) နဲ႕ တျခားသူေတြရဲ႕ ရိုက္ခ်က္ရွည္ေတြၾကား မတူတဲ့အခ်က္ေတြကို စဥ္းစားေနမိတာေတာ့ ၾကာၿပီ။ Damnation ေကာ၊Satantango ေကာ၊ Werckmeister Harmonies ေကာပါ ဟန္ေဂရီစာေရးဆရာ Lazlo Krasznahorkai ရဲ႕ ဝတၳဳေတြကို မွီးရိုက္ထားတာ။ သူ႕စာေတြကိုလည္း အခုတေလာလိုက္ဖတ္ျဖစ္ေနေတာ့ ေတာ္ေတာ္ေလးေကာင္းတာကို သတိထားမိတယ္။ သူက စာေၾကာင္းရွည္ႀကီးေတြကို ေတာက္ေလွ်ာက္ ေက်ာ့ေရးတတ္တယ္။ စာေၾကာင္းကိုတေနရာရာကစၿပီး မဆုံးနိုင္တဲ့ သူရဲ႕ သိပ္သည္းတဲ့ အေရးအသားေတြ၊ စာပုဒ္စုေတြကို ျဖတ္ပီးမွ တျခားေနရာရာမွာ ျပန္ဆုံးတာ။ရိုက္ခ်က္ရွည္ေတြကို ၾကည့္ရင္ရတဲ့ ခံစားခ်က္နဲ႕ေတာ့ ဆင္တယ္။ ဒါေပမဲ့ တူေတာ့မတူဘူး။ စာေၾကာင္းေတြက တခါတေလ အရမ္းရိုးရွင္းတဲ့အရာေတြကို ေဖာ္ျပေလ့ရွိတယ္။ ဥပမာ-နားေနခန္းထဲကလူေတြ ဘယ္လိုေတြးေတာခံစားေနတယ္ဆိုတဲ့ အေၾကာင္း။ ဒါ့အျပင္ စာေၾကာင္းေတြက အဲဒီလူေတြရဲ႕ ဘဝျဖစ္စဥ္တစ္ခုလုံးကိုလည္း ၿခဳံငုံေဖာ္ျပနိုင္ေသးတယ္။ ၿပီးေတာ့ သူတို႔ရဲ႕ ကံၾကမၼာေတြ၊ အနာဂတ္ေတြ၊ ေစာင့္ဆိုင္းရျခင္းရဲ႕ မဆုံးနိုင္တဲ့ ၾကာေညာင္းမႈေတြအေၾကာင္းကိုလည္း အလားတူပဲ ေဖာ္ျပနိုင္ေသးတယ္။ စာဖတ္ေနတုန္းမွာလည္း မျမင္နိုင္တဲ့ ဘုရားသခင္တမ်ိဳးမ်ိဳးဆီ ဖြင့္ဟဝန္ခံခ်က္ေပးေနရသလိုမ်ိဳး ခံစားရေစတယ္။ ရွင္းျပဖို႔ေတာ့ အခက္သား။ ဒါေပမဲ့ ကြၽန္မအတြက္ ဘာလို႔ Krasznhorkaiရဲ႕ စာေၾကာင္းေတြက အသက္ဝင္လွၿပီး Bela Tarr ရဲ႕ ရိုက္ခ်က္ရွည္ေတြက ထိမိေနရသလဲဆိုတာကို အရမ္းစိတ္ဝင္စားတယ္။
ေမး- တာကာ့စကီးလို႔ေပါ့။ဟုတ္လား။
ေျဖ- လူေတြက အၿမဲလိုလိုပဲ Bela Tarr ကို Tarkovski နဲ႕ ႏွိုင္းၾကတယ္။ ေဝဖန္ေရးဆရာ Jonathan Rosenbaum ကဆို “ဘာသာေရးမႏြယ္တဲ့ တာေကာ့စကီး” လို႔ေတာင္ သုံးေသးတယ္။
Bela Tarr ကေတာ့ “တာေကာ့စကီး႐ုပ္ရွင္ေတြက ဘာသာေရးဆန္တယ္။ ကြၽန္ေတာ္နဲ႕ တျခားဆီပဲ။ ဘုရားသခင္အေပၚ သက္ဝင္မႈရွိတာမို႔ သူ႕မွာ အၿမဲေမွ်ာ္လင့္ခ်က္ဆိုတာရွိတယ္။ ေနာက္ၿပီး သူက ကြၽန္ေတာ့္တို႔ထက္လည္း အမ်ားႀကီးျဖဴစင္တယ္။ ကြၽန္ေတာ္တို႔ ျမင္ခဲ့ႀကဳံခဲ့ရတာေတြက သူနဲ႕မတူေတာ့ သူ႕လို႐ုပ္ရွင္ေတြ ရိုက္ဖို႔က မျဖစ္နိုင္သေလာက္ပဲ။ သူ႕ရိုက္ဟန္ကလည္း တမူကြဲေနတယ္လို႔ကြၽန္ေတာ္ထင္တယ္။ အဲဒါမို႔ သူ႕႐ုပ္ရွင္ေတြၾကည့္ရင္ သိမ္ေမြ႕ညင္သာတဲ့ ခံစားမႈကို ပိုရတာ။” လို႔ ေျပာထားတယ္။
ေနာက္ထပ္ Bela Tarrေျပာခဲ့တဲ့ စကားေလး ရွိေသးတယ္။
“တာေကာ့စကီး႐ုပ္ရွင္ထဲက မိုးေရစက္ေတြက လူေတြကို သန့္စင္သြားေစတာ။ကြၽန္ေတာ့္႐ုပ္ရွင္ေတြထဲၾက ႐ႊံ႕ျဖစ္သြား႐ုံထက္ မပိုဘူး။”
ဒါေပမဲ့ သူတို႔ႏွစ္ေယာက္ၾကား တူညီတာေလးေတြေတာ့ ရွိတယ္။ႏွစ္ေယာက္စလုံးက ရိုက္ခ်က္ရွည္ေတြကို သုံးပီး “အခ်ိန္ကို ထုစစ္” ၾကတဲ့ေနရာမွာ တူတယ္။ကမၻာႀကီးကို ျမင္တဲ့ အျမင္ရႈေထာင့္ေတြမွာေတာ့ ကြဲျပားၾကတယ္။
Bela Tarr ႐ုပ္ရွင္ေတြ ၾကည့္ရင္ ဘုရားေက်ာင္းက ဖြင့္ဟဝန္ခံတဲ့ အခန္းေလးထဲမွာ အျပစ္ေျဖေနရသလို ခံစားရတယ္။ တခါမွမေရာက္ဖူးေပမယ့္ စိတ္ကူးေတာ့ ယဥ္ၾကည့္ဖူးတယ္။ မလုံျဖစ္ေနတဲ့ အျပစ္စိတ္ရယ္၊ေဝးကြင္းေနတဲ့ စိတ္ရယ္ကို တၿပိဳင္နက္တည္း အတြင္းက်က်ခံစားရတာမ်ိဳးထင္တယ္။ Bela Tarr ႐ုပ္ရွင္ေတြက ဘာသာေရးမႏြယ္ေပမဲ့ ဘာသာေရးအေၾကာင္း တလုံးတေထြးႀကီးျပထားတဲ့ တခ်ိဳ႕႐ုပ္ရွင္ေတြထက္ ပိုဘာသာေရးဆန္သလိုခံစားရတယ္။ မျမင္ရတဲ့ ေဝေဝဝါးဝါးရွိတဲ့ ဘာသာေရးအေငြ႕အသက္ေလးေတြက ကြၽန္မအတြက္ပိုထိေရာက္တယ္။ ကြၽန္မကလည္း ကြၽန္မကိုယ္ပိုင္ရိုက္ခ်က္ရွည္ေတြကို ခ်ေရးဖို႔ ႀကိဳးစားေနတာ။အရင္က ကြၽန္မေရးခဲ့တာေတြနဲ႕ မတူတဲ့ ဟန္မ်ိဳးေပါ့ေလ။ လႈပ္ရွားမႈအေ႐ြ႕ေလးေတြ၊အရာဝတၳဳေလးေတြကို ေသခ်ာေဖာ္ျပထားတဲ့ ျပကြက္ရွည္ေတြ ေရးျပဖို႔ ႀကိဳးစားေနတာ။ဒါေပမဲ့ အယူအဆေတြအေပၚ တမင္သက္သက္ မွီခိုထားပီး ေရးတာေတာ့ မဟုတ္ဘူး။
ေမး- သူ႕႐ုပ္ရွင္ေတြကို လူေတြၾကည့္တာ၊အနက္ျပန္တာနဲ႕ပတ္သက္ပီး Bela Tarrက အကဲဆတ္တတ္တယ္။ အခုလို Bela Tarr႐ုပ္ရွင္ဟန္အတိုင္း စာေရးတယ္ဆိုတာသိရင္ ဘယ္လိုတုံ႕ျပန္မယ္ထင္လဲ။
ေျဖ- Damnationကို ေရးေနတုန္းက Bela Tarr ကို စိတ္ထဲထားၿပီး ေရးေနတာမဟုတ္ဘူး။ အဲဒီစာေတြ ေရးေနတုန္းကေတာ့ သူ႕႐ုပ္ရွင္ေတြကို ႀကိဳက္တဲ့သူေတာ့ ျဖစ္ေနၿပီ။ Satantango တို႔၊ Wreckmeister Harmonies တို႔ကိုေတာ့ ၾကည့္ၿပီးသြားၿပီ။ ေနာက္ၿပီး အဲဒီ အခ်ိန္က စိတ္ဓာတ္ေတြက်လိဳ႕ စာေရးဖို႔လည္း အႀကံဉာဏ္မထြက္ေတာ့တဲ့ အခ်ိန္။ သူ႕႐ုပ္ရွင္ေတြကို ၾကည့္မိေတာ့ သူ႕႐ုပ္ရွင္ထဲက ကမၻာမွာနဲ႕ ကြၽန္မဆီမွာ ဘာေတြျဖစ္ေနလဲဆိုတာကို ေတြးမိသြားတယ္ဆိုပါေတာ့။ အဲဒါနဲ႕ သူ႕႐ုပ္ရွင္ထဲက ကမၻာထဲမွာ ျဖစ္ပ်က္ေနတဲ့ စိတ္ကူးယဥ္ဇာတ္လမ္းေတြအေၾကာင္း စာၾကမ္းေလးနည္းနည္းေရးမိတယ္။ ဇာတ္ေၾကာင္းသက္သက္ရွိေပမယ့္ အကုန္လုံးက သူ႕႐ုပ္ရွင္ေတြ ၾကည့္ရင္းကေန အာ႐ုံရလာတာ။ သူ႕႐ုပ္ရွင္ေတြက ကြၽန္မအေရးအသားေတြကို ေျပာင္းလဲလိုက္ေစတယ္ပဲ ေျပာရမွာပဲ။
ေမး- လူပုဂၢိုလ္တစ္ေယာက္အေနနဲ႕ေကာ Bela Tarr ကို စဥ္းစားၾကည့္မိဖူးလား။
ေျဖ- စာေတြေရးၿပီးမွ ထည့္စဥ္းစားျဖစ္တာ။ ကြၽန္မေရးထားတာေတြနဲ႕ ပတ္သက္ၿပီး ဘာလိုထင္မလဲဆိုတာေတာ့ ကြၽန္မမသိဘူး။ အစက Jared Wooland နဲ႕တြဲၿပီး ဟန္ေဂရီစာေရးဆရာ Lazlo Krasznahorkai ရဲ႕ Satantango ရဲ႕ စာအုပ္ကို ေဝဖန္ေလ့လာမႈေတြေရးတာကေန စခဲ့တာ။ ေနာက္ေတာ့ စာအုပ္တစ္အုပ္စာေလာက္ လိုမယ့္ အလုပ္လို႔ သတ္မွတ္ၿပီး စာအုပ္ကို ႐ုပ္ရွင္နဲ႕ ယွဥ္ႏွိုင္းယွဥ္ေလ့လာၾကတယ္။ ေလ့လာမႈအတြက္ သူတို႔ႏွစ္ေယာက္ရဲ႕ အင္တာဗ်ဳးေတြကို ရွာဖတ္ရတယ္ေလ။ တခါတေလၾက သူတို႔လက္ရာေတြနဲ႕ ပတ္သက္ၿပီး သူတို႔ေျပာတာေတြကို လက္မခံနိုင္တာမ်ိဳးလည္း ႀကဳံရတယ္။ ဒါေပမဲ့ သူတို႔ေျပာတာေတြကို သေဘာတူမိတာေတြလည္း အမ်ားႀကီးပါ။ ဒါေပမဲ့ Bela Tarr က သူ႕လက္ရာေတြကို ရွင္းျပရတာမ်ိဴးကို မႀကိဳက္ဘူးထင္တယ္။ အဲဒါကလည္း နားလည္လို႔ရတဲ့ အရာပါပဲ။ အႏုပညာလက္ရာတစ္ခုခ်င္းဆီတိုင္းဟာ သူ႕အႏွစ္သာရနဲ႕သူသက္သက္ရပ္တည္ေနတာမ်ိဳးကိုး။ ဒါေပမဲ့ သူ႕လက္ရာေတြကို ၾကည့္ၿပီး လူေတြခံစားရတာကို ေျပာင္းသြားေအာင္ေတာ့ သူလည္းတတ္နိုင္လိမ့္မယ္ မထင္ဘူး။
ေမး- အင္တာဗ်ဳးတစ္ခုမွာ မ်က္ေမွာက္ေခတ္ ႐ုပ္ရွင္ေလာကနဲ႕ ပတ္သက္ၿပီး သူေျပာထားတာတစ္ခုရွိတယ္။ သူက ေဟာလိဝုဒ္က႐ုပ္ရွင္ေတြကို ဆန့္က်င္တယ္တဲ့။ ႐ုပ္ရွင္ဟာ အစစ္အမွန္ေလာကတို႔၊အခ်ိန္တို႔လို အရာေတြကို ေဖာ္ျပရမွာျဖစ္တယ္။ အစစ္အမွန္ကမၻာဆိုတဲ့ စကားလုံးကို သူ အၿမဲသုံးတတ္တယ္။အစစ္အမွန္ေလာကကို ရွာေဖြဖို႔လည္း ေျပာတယ္။ခင္ဗ်ားက သူေျပာတာေတြကို သေဘာတူလား။
ေျဖ- ႐ုပ္ရွင္က လုပ္ေဆာင္နိုင္တဲ့အလုပ္ေတြအမ်ားႀကီးရွိတယ္လို႔ ကြၽန္မယူဆတယ္။ ကြၽန္မဆိုလည္း အက္ရွင္႐ုပ္ရွင္ေတြကို ႀကိဳက္တယ္။ ေနာက္ဆုံးထြက္ထားတဲ့ Fast and furious ႐ုပ္ရွင္ကိုေတာင္ သြားၾကည့္ခဲ့ေသးတယ္။ အဲဒီလို႐ုပ္ရွင္ကေပးတဲ့ အရသာနဲ႕ Bela Tarr ႐ုပ္ရွင္ကေပးတာနဲ႕ အမ်ားႀကီးကြာတယ္။႐ုပ္ရွင္ကို တစ္မ်ိဳးတည္းသတ္မွတ္ထားလို႔ ရမရေတာ့ ကြၽန္မလည္း မေျပာတတ္ဘူး။
ေမး- Fast and furiousလို ႐ုပ္ရွင္မ်ိဳးက လုပ္ေဆာင္တာက အပန္းေျဖဖို႔ ရည္႐ြယ္ခ်က္ေပါ့။
ေျဖ- အပန္းေျပေစဖို႔နဲ႕ တခ်ိဳ႕ခံစားမႈေတြကို ရေစဖို႔ေပါ့။ Bela Tarr႐ုပ္ရွင္နဲ႕ေတာ့ မတူဘူး။ “အစစ္အမွန္ေလာက” ဆိုတဲ့ စကားလုံးကို ခဏခဏသုံးတာေတာ့ စိတ္ဝင္စားဖို႔ေကာင္းတယ္။ ဘာလို႔လဲဆိုေတာ့ Jared နဲ႕ ကြၽန္မ သူ႕႐ုပ္ရွင္ေတြအေၾကာင္း ေဆြးႏြေးရင္း ေျပာမိတဲ့ထဲက အခ်က္တစ္ခုက သူ႕႐ုပ္ရွင္ေတြက အစစ္အမွန္ကို ေလွာင္ထားသလိုပဲ ဆိုတာ။ ဟုတ္တယ္။ သူ႕႐ုပ္ရွင္ေတြက တကယ့္အျပင္အခ်ိန္နဲ႕ တထပ္တည္းက်ေနတဲ့ ရိုက္ခ်က္ရွည္ေတြနဲ႕ ဖြဲ႕စည္းထားတာမွန္ေပမယ့္ ႐ုပ္ရွင္ထဲက ျဖစ္ရပ္ေတြက ေလာကကို ထင္ဟပ္ျပေနတဲ့ သ႐ုပ္မွန္ ျပကြက္ေတြလိုျဖစ္မေနဘူး။ သူ႕အေစာပိုင္း မွတ္တမ္းဇာတ္လမ္းဟန္႐ုပ္ရွင္ေတြကေန စလာတယ္ထင္တာပဲ။ ေနရာေတြ ဒါမွမဟုတ္ နံရံမ်က္ႏွာျပင္ေတြကို ရိုက္ျပထားရင္ တကယ့္အျပင္ကအတိုင္း စစ္မွန္မႈကို ခံစားရေစေပမယ့္ ဇာတ္လမ္းဆန္ေနတဲ့ ကမၻာႀကီးကို ျပေနတဲ့ ဒႆနဆန္တဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ လႈပ္ရွားမႈေတြ၊ဒိုင္ယာေလာ့ေတြလည္း ပါေနေသးတယ္။ ၾကည့္သူေတြက ႐ုပ္ရွင္ဟာ တမင္ဇာတ္ဆင္ျပထားတယ္ဆိုတာကို အၿမဲလိုလိုပဲ ခံစားေနရေစတယ္။
ေမး- ဟုတ္တယ္။ Bela Tarrက မွတ္တမ္း႐ုပ္ရွင္စစ္စစ္ေတြ ရိုက္ေနတာမဟုတ္ဘူး။ ဇာတ္ဆန္တဲ့ အရည္အေသြးတစ္ခုခုေတာ့ ပါေလ့ရွိတယ္။ ေနာက္ Bela Tarr ရဲ႕ ရိုက္ခ်က္ရွည္ေတြက နာမ္ပိုင္းဆိုင္ရာတစ္ခုခုကို ဖမ္းဆုတ္ျပဖို႔ ႀကိဳစားေနတာ မဟုတ္လား။
ေျဖ- တနည္းအားျဖင့္ေတာ့ ဟုတ္တယ္လို႔ေျပာရတယ္။ ၾကည့္ရဆိုးတဲ့ အစစ္အမွန္ေလာကကို ေလးေလးတြဲ႕တြဲ႕ျပရင္း နာမ္ပိုင္းဆိုင္ရာတစ္ခုခုကို ဖမ္းဆုတ္ဖို႔ ႀကိဳးစားေနတာလို႔ ထင္တယ္။ တျခား႐ုပ္ရွင္ေတြမွာၾက ရိုက္ခ်က္ရွည္ေတြက ရိုက္ေနတဲ့ျပကြက္ထဲက အလွကိုတင္ျပခ်င္တာ။ အလွပုံေဖာ္က်ဳးတယ္လို႔ေတာင္ ေျပာရတယ္။ Bela Tarr႐ုပ္ရွင္ေတြမွာၾက သူရိုက္ျပတဲ့အရာေတြဟာ ရိုက္ခ်က္ရွည္ႀကီးနဲ႕ ျပဖို႔မလိုတဲ့ အရာေတြလို႔ေတာင္ ထင္စရာ။ တခါတေလ လူတစ္ေယာက္ အိပ္ေပ်ာ္ေနတာ။ မိုးေတြ ႐ြာေနတာကို အၾကာႀကီးရိုက္ျပထားတယ္။ Satantangoထဲမွာ ဇာတ္ဝင္ခန္းတစ္ခုပါတယ္။ ဆရာဝန္တစ္ေယာက္။သူ႕ခႏၱာကိုယ္ႀကီးက ဝပီးႀကီးလြန္းေတာ့ မနည္းသြားေနရတဲ့အခန္း။ ေတာအုပ္ထဲမွာ ဆရာဝန္လမ္းေလ်ာက္ေနတာကို ၁၅မိနစ္ေလာက္ၾကာေအာင္ ျပထားတယ္။ တခါတေလ သစ္ပင္ေတြၾကားထဲေရာက္သြားေတာ့ သူ႕ကိုမျမင္ရေတာ့ဘူး။ ေနာက္ၿပီး ေမွာင္ကေမွာင္ေနေသးတယ္။ ၾကည့္ရတာ စိတ္မသက္မသာျဖစ္မိတယ္။ ေတာ္ေတာ္ႀကီးလည္း အားထုတ္လိုက္ရတယ္။ ဘာလို႔ အဲဒီေလာက္ၾကာေအာင္ျပထားလည္း ဆိုတာေတာ့ ကြၽန္မတို႔ၾကည့္သူေတြ ေသခ်ာမသိဘူး။တျခား႐ုပ္ရွင္ေတြလို အပန္းေျဖအရသာခံၾကည့္ရတဲ့ ပမာဏထက္ ျပခ်ိန္က ေက်ာ္ေနတာေတာ့ သိတယ္။အဲဒီဆရာဝန္နဲ႕အတူ တခ်ိန္တည္းမွာ ျဖစ္တည္ေနရတဲ့ခံစားမႈမ်ိဳးေတာ့ ရတယ္။ ထူးျခားတဲ့ ရင္းႏွီးဆက္သြယ္မႈကိုလည္း ရေစတယ္။ Beckett ရဲ႕ စာသားျဖစ္တဲ့ “ငါေတာ့ ေရွ႕မဆက္နိုင္ေတာ့ဘူး။ ေရွ႕ဆက္ျဖစ္ေအာင္လည္း လုပ္ကိုလုပ္ရဦးမယ္”ဆိုတာမ်ိဳး။ ဒါမွမဟုတ္ Peggy Leeရဲ႕ “ဒါအကုန္ပဲလားရွင္” ဆိုတာမ်ိဳး။
ေမး- ၾကားရတာ မသက္မသာရွိလိုက္တာဗ်ာ။
ေျဖ- ဟုတ္တယ္လို႔လည္းေျပာရတယ္။ ဒါေပမဲ့ တကယ္ေတာ့ မဟုတ္ဘူး။ Bela Tarr ရဲ႕ ေနာက္ဆုံး႐ုပ္ရွင္ The Turin Horse ကိုပဲၾကည့္။ ႐ုပ္ရွင္ေခါင္းစဥ္က နိေခ်းဆီကယူထားတာ။ နိေခ်းလမ္းေလ်ာက္ရင္း လမ္းေပၚမွာ လူတစ္ေယာက္က ျမင္းတစ္ေကာင္ကို ရိုက္ေနတဲ့အျဖစ္ကို ႀကဳံရတဲ့ျဖစ္ရပ္ကေနလာတာ။႐ုပ္ရွင္ကို လူတစ္ေယာက္ရယ္၊ သူ႕သမီးရယ္၊ ျမင္းတစ္ေယာက္ရယ္ကို ျပရင္း စထားတယ္။ သူတို႔ေနစဥ္အလုပ္ေတြလုပ္ေနတာကိုပဲ ရိုက္ခ်က္ရွည္ေတြနဲ႕ ရိုက္ျပထားတာ။ ဥပမာဆို သူတို႔အကၤ်ီဝတ္ေနတာေတြ၊အာလူးစားေနတာေတြကို အၾကာႀကီးရိုက္ျပထားတယ္။ ေနာက္ ႐ုပ္ရွင္ထဲမွာ ၆ရက္ေလာက္ ဆက္တိုက္အဲဒီလိုျဖစ္ရပ္ေတြပဲ ျဖစ္ေနတာ။ ၾကည့္သူတစ္ေယာက္အေနနဲ႕ သေဘာေပါက္လာတာက အဲဒီလိုေန႕စဥ္အလုပ္ေတြကို ရိုက္ျပတာဟာ လိုအပ္တယ္ဆိုတာပါ။ အဲဒါမွ နည္းနည္းေလာက္ေျပာင္းလဲသြားတာနဲ႕ ရိုက္ခတ္မႈအႀကီးႀကီးရွိတယ္ဆိုတဲ့သေဘာကို နားလည္မွာေလ။ ဥပမာေျပာရမယ္ဆိုရင္ ႐ုပ္ရွင္ထဲမွာ သူတို႔စားေသာက္ေနတဲ့အခန္းကို တပုံစံတည္းေလးႀကိမ္ေလာက္ျပၿပီးၿပီ။ ဒါေပမဲ့ တရက္ၾက ဂ်စ္ပဆီေတြ သူတို႔ၿခံ ေရတြင္းထဲက ေရကို ေသာက္ဖို႔လုပ္ေနတာကို ျပတယ္။ အဲဒီမွာ သူတို႔ေန႕စဥ္လုပ္ေနတဲ့အလုပ္ဟာ ျပတ္ေတာက္သြားတယ္။ ၾကည့္သူတစ္ေယာက္အေနနဲ႕ လည္း သတိထားမိသြားေစတယ္ေလ။
ေမး- Zizekေျပာတာကိုေတာင္ သတိရမိတယ္။ Zizek က Psycho ႐ုပ္ရွင္ထဲမွာ သူအႀကိဳက္ဆုံးအခန္းက Norman Bates တေယာက္လူသတ္အၿပီး ေရခ်ိဳးခန္းကို သန့္ရွင္းေရးလုပ္ေနတဲ့ ဇာတ္ဝင္ခန္းလို႔ ေျပာတာေလ။ အဲဒီလို သန့္ရွင္းေရးလုပ္ေနတာကိုပဲ ၁၀မိနစ္ေလာက္ၾကာေအာင္ ရိုက္ျပထားတယ္။ Zizekက ခင္ဗ်ားေျပာသလိုပဲ ရိုက္ခ်က္ရွည္ေတြဟာ လုံၿခဳံရင္းႏွီးေစတဲ့ ခံစားမႈကို ေပးတယ္လို႔ ေျပာတယ္။ဒါေပမဲ့ လူတစ္ေယာက္ ေန႕စဥ္သာမန္အလုပ္ လုပ္ေနတာကို အၾကာႀကီးရိုက္ျပထားတာကို ၾကည့္ရတာကေတာ့ တမူပိုထူးတယ္လို႔ေျပာထားေသးတယ္။
ေျဖ- ကြၽန္မအထင္ေတာ့ အဲဒီလိုအခိုက္အတန့္မ်ိဳးကို ျပတဲ့ရိုက္ခ်က္ေတြက ကြၽန္မတို႔ရဲ႕ ဆုံးျဖတ္အနက္ျပန္တဲ့ျဖစ္စဥ္ကို ခဏရပ္ဆိုင္းထားေစတာမ်ိဳး။ ရိုက္ခ်က္ရွည္ေတြနဲ႕ ပတ္သက္ပီး ပါဆိုလီနီေျပာထားတဲ့ အတိုင္းဆို တည္းျဖတ္မႈတစ္ခုျပဳလုပ္လိုက္တယ္ဆိုတာ ပီးျပည့္သြားတဲ့ ခံစားမႈကိုေပးေစတာ။ အဲဒါမို႔ ရိုက္ခ်က္ရွည္ေတြဟာ အာ႐ုံခံစားမႈအရ ပစၥဳပၸန္မွာ ျဖစ္ေနသလိုခံစားရေစတာ။ တည္းျဖတ္လိုက္ၿပီဆိုေတာ့မွ အတိတ္ကို ေရာက္သြားတာ။ ရိုက္ခ်က္ရွည္ကို ၾကည့္ေနတုန္းဆို ျပကြက္ မၿပီးမခ်င္း(တည္းျဖတ္မႈ မလုပ္မခ်င္း) စိတ္တြင္းမွာဘာေတြခံစားေနရလဲဆိုတာနဲ႕ ႐ုပ္ရွင္မွာ ဘာေတြျဖစ္ေနလဲဆိုတာကို လႊဲေျပာင္းၾကည့္လို႔မရေသးဘူး။ အာ႐ုံထဲေတြးရင္ေတာ့ ေတြးမိေနလိမ့္မယ္။ ဒါေပမဲ့ ေတြးေနသမွ်သလည္း ပစၥဳပၸန့္အခိုက္ေလးကို ခံစားျမင္ေနတာသက္သက္ပဲ။ ဒါမွမဟုတ္ အတြင္းထဲမွာ ခံစားေနရတာေတြလည္း ျဖစ္နိုင္တယ္။ ရိုက္ခ်က္ရွည္ျပကြက္ မၿပီးမခ်င္း အဲဒီႏွစ္ခုကို ခ်ိတ္ဆက္ၾကည့္လို႔ရမွာမဟုတ္ဘူး။
ေမး- ရိုက္ခ်က္ရွည္ေတြအေၾကာင္းကို သတိထားမိေနတာၾကာပီလား။
ေျဖ- ဟိုးအၾကာႀကီးကတည္းက ကြၽန္မစိတ္ထဲရွိေနတာ။ ဒါေပမဲ့ အခုၾက ကြၽန္မစာေတြက အဲဒီရိုက္ခ်က္ေတြနဲ႕ပိုဆိုင္လာတာလဲ ပါတာေပါ့။
ေမး- သုံးပါမ်ားလာရင္ေကာ ရိုးမသြားနိုင္ဘူးလား။အဲဒီအခါၾကရင္ေကာ စိတ္ဝင္စားစရာေကာင္းပါဦးမလား။
ေျဖ- ရိုက္ခ်က္ရွည္ဆိုတာကလည္း လူတိုင္းသုံးလို႔ရတဲ့ နည္းစနစ္တစ္ခုပဲေလ။
ေမး- ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္နဲ႕ေတြ႕ေတာ့ သူအႀကိဳက္ဆုံးဒါရိုက္တာက Eric Rohmer လို႔ ေျပာတယ္။ ဒါေပမဲ့ သူ႕႐ုပ္ရွင္ေတြက ဘယ္ေလာက္စစ္မွန္ပါတယ္ေျပာေျပာ ဇာတ္လမ္းေတြက အပ္ေၾကာင္းထပ္ေနတာ မဟုတ္လား။ ခင္ဗ်ားသိတဲ့အတိုင္းပဲ Rohmer ႐ုပ္ရွင္တိုင္းမွာ အဓိကဇာတ္ေကာင္က အစမွာ ေကာင္မေလးေတြနဲ႕ ေတြ႕မယ္။ ဇနီးကို သစၥာမေဖာက္ရက္ဘူး။ ဒါမွမဟုတ္ရင္လည္း ေကာင္မေလးငယ္ငယ္ေလးေတြဆီကေန အခြင့္အေရးမယူရက္ဘူး စသျဖင့္ ေနာက္ဆုံးၾက မွန္ကန္တဲ့ဖက္ပဲ ေ႐ြးသြားတာမို႔လား။
ေျဖ- ရိုက္ခ်က္ရွည္ေတြတိုင္းက တူညီတဲ့အဆင့္မွာရွိတာမဟုတ္ဘူး။ ကြၽန္မအတြက္ကေတာ့ ေအာင္ျမင္တဲ့ရိုက္ခ်က္ရွည္ဆိုတာ မတူညီတဲ့အခိုက္အတန့္ေတြကို ေပါင္းစပ္ျပနိုင္တာ။ တဆက္တည္းျပေနတာျဖစ္ေနရင္ေတာင္မွ အေျဖာင့္သေဘာေတာ့ သြားေနတာ ဟုတ္ခ်င္မွဟုတ္မယ္။ ေဟာလိဝုဒ္႐ုပ္ရွင္ေတြထဲမွာေတာ့ ရိုက္ခ်က္ရွည္ေတြက ဇာတ္ကြက္ကို ကူညီဖို႔အတြက္ ထည့္ထားတာမ်ိဳး။ ဥပမာ-Orson Wellesရဲ႕ ႐ုပ္ရွင္ထဲက ရိုက္ခ်က္ရွည္ေတြနဲ႕ Wong Kar Wai ဒါမွမဟုတ္ Bela Tarrရဲ႕ ႐ုပ္ရွင္ထဲက ရိုက္ခ်က္ရွည္ေတြ လုပ္ေဆာင္ပုံျခင္းတူမွာမဟုတ္ဘူး။ စကားမစပ္ ရွင္ Satantango ကို ၾကည့္ဖူးလား။
ေမး- မၾကည့္ဖူးေသးဘူး။
ေျဖ- ႐ုပ္ရွင္က ခုနစ္နာရီေလာက္ၾကာတယ္။ တခ်ိဳ႕ဆို ၾကည့္ရင္း အိပ္ေပ်ာ္သြားၾကတယ္။ တခ်ိဳ႕ၾက ၾကည့္ရင္း အိပ္ေပ်ာ္ပီး တေရးျပန္နိုးလာေသးတယ္။Satantango႐ုပ္ရွင္ရဲ႕ အဖြင့္ခန္းကိုက အရမ္းမိုက္တာ။ ႏြားေတြကို ဆယ္မိနစ္ေလာက္ၾကာေအာင္ ရိုက္ျပထားတာ။ ကင္မရာက ႏြားေတြနဲ႕အတူ လိုက္ေ႐ြ႕ေနသလိုပဲ။ တခါမွာၾက ႏြားတစ္ေကာင္က တျခားႏြားတစ္ေကာင္ေပၚ တက္ခြေနေသးတယ္။ သူတို႔ရဲ႕ အသံဆြဲပီး ေအာ္တဲ့အသံေတြကလည္း အတိုင္းသားၾကားေနရတယ္။ မိုးကလည္း က်ေနေသး။ အဲဒီဇာတ္ဝင္ခန္းနဲ႕ ပတ္သက္ပီး ေရးထားတာကို ဖတ္ဖူးတယ္။ ၾကည့္ေနတုန္းၾက အဲဒီႏြားေတြ သြားခ်င္သလိုသြားေနတာကို ရိုက္ထားတာနဲ႕ တူတယ္လို႔ ခံစားရတယ္။ ဒါေပမဲ့ အဲဒီလိုမ်ိဳးရဖို႔ ခဏခဏႀကိဳးစားၿပီး ရိုက္ထားရတာလည္း ျဖစ္နိုင္တာပဲေလ။ ေျပာရမယ္ဆိုရင္ ႏြားေတြ သြားခ်င္သလို သြားေနတာကို ရိုက္ထားတဲ့ မွတ္တမ္း႐ုပ္ရွင္ဆန္ဆန္ျပကြက္။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ ကင္မရာကေျဖးေျဖးေလး လိုက္ေ႐ြ႕ေနေတာ့ ကင္မရာကို သတိထားမိေစတယ္။ ဇာတ္လမ္း႐ုပ္ရွင္နဲ႕ မွတ္တမ္း႐ုပ္ရွင္ ႏွစ္ခုကို ထူးျခားစြာ ေပါင္းစပ္ျပထားသလိုမ်ိဳး။
ေမး- အခုေလာေလာဆယ္ Jon Wagner နဲ႕ တြဲၿပီး အလုပ္လုပ္ေနတာလား။
ေျဖ- Jon Wagnerနဲ႕က ရိုက္ခ်က္ရွည္ေတြအေၾကာင္း နည္းနည္းပဲ ေျပာျဖစ္တယ္။ ပါဆိုလီနီ႐ုပ္ရွင္ေတြအေၾကာင္း ပိုေျပာျဖစ္တယ္။ သူက အရင္တုန္းကေတာ့တာေကာ့စကီးကို အႀကိဳက္ဆုံးတဲ့။ အခုေတာ့ Bela Tarrက ပိုေကာင္းတယ္ ထင္ေနတယ္ေလ။ ကြၽန္မလည္း Bela Tarr႐ုပ္ရွင္ေတြ မၾကည့္ရေသးခင္အထိေတာ့ တာေကာ့စကီးရဲ႕ အမာခံပရိသတ္ပဲ။ Bela Tarr ႐ုပ္ရွင္ေတြကို ၾကည့္အၿပီး ရလာတဲ့ ခံစားမႈမ်ိဳး ဘယ္မွာမွမရဖူးဘူး။ ကြၽန္မတို႔ႏွစ္ေယာက္ Bela Tarrရဲ႕ ရိုက္ခ်က္ရွည္ေတြကို ၾကည့္အၿပီး ခံစားရတဲ့ လင္းပြင့္မႈေတြအေၾကာင္းေျပာျဖစ္ေသးတယ္။နားလည္တာနဲ႕ လင္းပြင့္တာ မတူဘူးေနာ္။ နားမလည္လည္း လင္းပြင့္မႈကို ခံစားလို႔ရတယ္။
ေမး- သူက ပ်င္းရိမႈကို ထည့္ျပဖို႔ ႀကိဳးစားေသးသလား။ Godard ခဏခဏ လုပ္ျပသလိုေပါ့။
ေျဖ- ကြၽန္မတစ္ေယာက္တည္းအေနနဲ႕ဆိုရင္ေတာ့ ျငင္းရမွာပဲ။ ရိုက္ခ်က္ရွည္ေတြကို ပ်င္းစရာေကာင္းတယ္လို႔ ထင္တဲ့သူလည္း ရွိေတာ့ ရွိမွာပါ။ နည္းနည္းေလး သည္းခံဖို႔ေတာ့ လိုမယ္ထင္တယ္။ ရိုက္ခ်က္ရွည္ေတြ ဒါမွမဟုတ္ အဲဒီလိုရိုက္ခ်က္ေတြပါတဲ့ ႐ုပ္ရွင္ေတြကို မႀကိဳက္တဲ့သူဆိုရင္ေတာ့လည္း
ေမး- Andy Warhol ႐ုပ္ရွင္ေတြေတာ့ မႀကိဳက္ဘူးဗ်
ေျဖ- ကြၽန္မလည္း တူတူပါပဲ။ Bela Tarrရဲ႕ ႐ုပ္ရွင္က ခုနစ္နာရီသာ ၾကာတာ။ မသိသာဘူး။ တျခားလူေတြနဲ႕ အဲဒီ႐ုပ္ရွင္ကို တူတူၾကည့္ဖူးတယ္။ ခုနစ္နာရီေတာင္ ၾကာတယ္လို႔ ခံစားရတဲ့သူနည္းတယ္။ ေနာက္ၿပီး ေပးရတဲ့အခ်ိန္နဲ႕လည္း တန္တယ္လို႔ ထင္ၾကတယ္။ ဒါေပမဲ့ ဘယ္လိုခံစားရလဲဆိုတာေတာ့ အတိအက်ရွင္းျပဖို႔ ခက္တယ္။ ကြၽန္မခံစားရတာနဲ႕ တူညီတဲ့ အက္ေဆးေလးတစ္ပုဒ္ေတာ့ ရွိတယ္။ အဲဒါကေတာ့ ရိုက္ခ်က္ရွည္ေတြနဲ႕ ပတ္သက္ပီး ပါဆိုလီနီေရးထားတဲ့အက္ေဆးေလး။ Bela Tarr႐ုပ္ရွင္ေတြနဲ႕ ပတ္သက္ပီး ႐ုပ္ရွင္ခံစားမႈေဆာင္းပါးေတြ၊ အၫႊန္းေတြကလြဲလို႔ ေသေသခ်ာခ်ာေလ့လာသုံးသပ္ျပထားတာလည္း ရွားတယ္။ အခုေလာေလာလတ္လတ္ေတာ့ The cinema of Bela Tarr:The circle closes ဆိုတဲ့ Bela Tarr ရဲ႕ ႐ုပ္ရွင္ေတြကို ဆန္းစစ္ျပထားတဲ့ စာအုပ္ရယ္၊Jacques Raciereရဲ႕ Bela Tarr:The time afterဆိုတဲ့ စာအုပ္ေတြ ထြက္လာတယ္။
ေမး- သူ႕႐ုပ္ရွင္ေတြမွာ မရိုက္ကူးခင္ ႀကိဳတင္ျပင္ဆင္ရတဲ့ အလုပ္ေတြ ဘယ္ေလာက္ေတာင္ ရွိမလဲဆိုတာေတာ့ သိခ်င္မိတယ္။ သတင္းတစ္ခုမွာ ေရးထားတဲ့အတိုင္းဆို MacBeth ႐ုပ္ရွင္ရိုက္တုန္းက တနာရီစာ ရိုက္ဖို႔ကို သုံးနာရီေလာက္ ႀကိဳတင္ ရီဟာဇယ္လုပ္ရတယ္ဆိုပဲ။ ရိုက္တုန္းလည္း သ႐ုပ္ေဆာင္တစ္ေယာက္ေယာက္က အမွားေလးလုပ္မိပီဆိုတာနဲ႕ အစကေန ျပန္စရတယ္ေျပာတယ္။
ေျဖ- ဟုတ္တယ္။ ကကြက္ဆန္းဆန္းကေနရသလိုေပါ့။
ေမး- ဟုတ္မယ္။ ရိုက္ခ်က္ရွည္ေတြမွာၾက ကကြက္ေတြလို သ႐ုပ္ေဆာင္ေတြ တေျပးညီအကြက္က်က်လႈပ္ရွားေနဖို႔က လိုတာကိုး။
ေျဖ- ရိုက္ခ်က္ရွည္ေတြမွာလည္း ပုံစံအမ်ိဳးမ်ိဳးရွိတယ္။ Orson Wellesရဲ႕ Touch of evilထဲက နာမည္ႀကီးရိုက္ခ်က္ရွည္ကၾက ၾကည့္သူကို စိတ္လႈပ္ရွားခံစားေစဖို႔ ရည္႐ြယ္တာမ်ိဳး။ ေနာက္ Good Bye, Dragon Inn ထဲကလို ရိုက္ခ်က္ရွည္မ်ိဳးေတြလည္း ရွိေသးတယ္။ အဲဒီလိုရိုက္ခ်က္ရွည္မ်ိဳးေတြမွာၾက ၾကည့္ရတာ ႀကိဳးစားအားထုတ္မႈလိုတယ္။ ဒါေပမဲ့ သူ႕အလွနဲ႕သူေတာ့ ရွိတယ္။ ႐ုပ္ရွင္ရဲ႕ ေနာက္ဆုံးရိုက္ခ်က္မွာဆို ႐ုပ္ရွင္႐ုံထဲကျမင္ကြင္းကို ရိုက္ျပထားတာ။ ကင္မရာက လႈပ္ရွားမႈျဖစ္ေနတဲ့ေနရာနဲ႕ အေဝးႀကီးမွာ။ အဘြားႀကီးတစ္ေယာက္က ႏွေးႏွေးေကြးေကြးေလး လမ္းေလ်ာက္လာပီး ထိုင္ခုံေတြကို ဖုံသုတ္ေနတယ္။ အင္တာဗ်ဳးတစ္ခုထဲမွာ Ming-liang Tsaiက အဲဒီရိုက္ခ်က္ဟာ ႐ုပ္ရွင္႐ုံကို ဂုဏ္ျပဳတဲ့အေနနဲ႕ ရိုက္ထားတာလို႔ေျဖတယ္။ အဲဒီ႐ုပ္ရွင္႐ုံကလည္း ႐ုပ္ရွင္ရိုက္ပီးတာနဲ႕ အဖ်က္ခံလိုက္ရတာမို႔လား။ အဲဒါမို႔ သူက ရိုက္ခ်က္ကို ၾကာနိုင္သမွ်ၾကာေအာင္ ရိုက္ျပခ်င္တာ။Orson Wellesရဲ႕ ရိုက္ခ်က္ရွည္ေတြနဲ႕ ကြာတယ္ေလ။Bela Tarrကၾက “တကယ့္အခ်ိန္”ထဲမွာ ျဖစ္ေနတာကို ရိုက္ျပခ်င္တာ။အဲဒါမို႔ သူ႕႐ုပ္ရွင္ေတြထဲမွာ လူေတြဟာ အျပင္မွာထက္ေတာင္ ႏွေးေနသလိုခံစားရတာ။
ေမး- ရိုက္ခ်က္ရွည္ျပကြက္ထဲမွာလား။
ေျဖ- ဥပမာေပးေျပာရမယ္ဆို Satantangoထဲမွာ ခုနကေျပာတဲ့ ဆရာဝန္ဇာတ္ေကာင္ပါတယ္။ ဆရာဝန္ဟာ က်န္းမာေရး မာမာခ်ာခ်ာရွိလွတာမဟုတ္ဘူး။ အၿမဲတမ္း အသက္ကို ျပင္းျပင္းရႈေနရတာကို ေတြ႕ရတယ္။ ကင္မရာက မၾကာခဏဆိုသလို ေဘးခ်င္းကပ္ရပ္ကေနရိုက္ျပထားေတာ့ ၾကည့္သူအတြက္ စိတ္မသက္မသာျဖစ္ေစတယ္။ ဆရာဝန္ဇာတ္ေကာင္က အရာအားလုံးကို မွတ္စုစာအုပ္ေလးေတြထဲ ေရးေရးပီး မွတ္တမ္းတင္ထားေလ့ရွိတယ္။ သူလုပ္သမွ်အရာတိုင္း (ဥပမာ ေရေသာက္တာကစ)ကလည္း အရမ္းၾကာတယ္။ တကယ့္အျပင္ကလူတစ္ေယာက္လုပ္ရင္ေတာင္ သူ႕ေလာက္ၾကာမွာမဟုတ္သလိုပဲ။ သူေရငွဲ႕ေနတာက ၾကာပီး ဖိတ္က်ေတာ့မလိုေတာင္ ျဖစ္ေနေတာ့ သူ႕အစားဝင္ထည့္ေပးခ်င္စိတ္ေတာင္ျဖစ္ေလာက္ေအာင္အထိပဲ။ အဲဒီလိုျပကြက္ေတြက သ႐ုပ္မွန္ျဖစ္တာတင္မကေတာ့ဘူး။သ႐ုပ္မွန္တာထက္ေတာင္ လြန္ေနတာ။ (hyperrealistic)
ေမး- Bela Tarr ႐ုပ္ရွင္ေတြခ်ည္း အခ်ိန္အၾကာႀကီး ၾကည့္ပီး ေဟာလိဝုဒ္႐ုပ္ရွင္ေတြ ျပန္ၾကည့္ေတာ့ ဘယ္လိုေနလဲ။ ခက္ခဲမႈေတြႀကဳံရေသးလား။
ေျဖ- တကယ္ေတာ့ ပိုေတာင္ေခ်ာေမြ႕သြားေသးတယ္။ကြၽန္မအတြက္ကေတာ့ Bela Tarr႐ုပ္ရွင္ေတြခ်ည္းတသက္လုံးၾကည့္ေနနိုင္မွာမဟုတ္သလို Fast and furious လိုေဟာလိဝုဒ္႐ုပ္ရွင္ေတြခ်ည္းလည္း ထိုင္ၾကည့္ေနနိုင္မွာမဟုတ္ဘူး။ ႏွစ္မ်ိဳးစလုံးကို လိုအပ္တာ ေသခ်ာတယ္။
2013 ထြက္ 3:AM မဂၢဇင္းပါ Janice Leeရဲ႕ အင္တာဗ်ဳးကို ျပန္တယ္။
ေက်ာ္ေဇယ်ာလြင္
၂၀၁၈

[unicode]
ရိုက်ချက်ရှည်အကြောင်းလေ့လာခြင်း (ကျော်ဇေယျာလွင်)
[ 3:AM Magazine ကနေ စာရေးဆရာမ Janice Lee ကို သူမရဲ့ ထွက်ရှိမယ့်စာအုပ်အကြောင်း မေးမြန်းရင်း ဟန်ဂေရီရုပ်ရှင်ဆရာ Béla Tarr ရဲ့ ရုပ်ရှင်တွေနဲ့ သူ့ရဲ့ ရိုက်ချက်ရှည်များအကြောင်း ပါလာပါတယ်၊ ခင်ဗျားတို့လည်း ဖတ်ကြည့်သင့်တယ်၊ ကျွန်တော်တို့လည်း မှတ်သားစရာပါတယ်၊ ယူဆမိတဲ့အတွက် Cinéma de la Passion ကနေ တင်လိုက်ပါတယ် ]
မေး- ကဲ ခင်ဗျားရဲ့ အခုထွက်မဲ့ စာအုပ်လေးအကြောင်းပြောရင်း စရအောင်။
ဖြေ- အခုတလော Bela Tarr ရဲ့ ရုပ်ရှင်တွေကို ဆက်တိုက်ကြည့်ဖြစ်နေတာ။ Werckmeister Harmonies တို့၊ Damnation တို့ ၊ Satantangoတို့ ။လောလောလတ်လတ်ပဲ The Turin Horse ကို ကြည့်ပြီးသွားတာ။ အဲဒီရုပ်ရှင်တွေကို ထပ်ခါတလဲလဲကြည့်ဖြစ်နေတာကလည်း ထူးဆန်းတဲ့အရာတစ်ခုက စိတ်ကိုညို့ခိုင်းနေသလိုခံစားရလို့။ ဒါပေမဲ့ Bela Tarrရဲ့ ရိုက်ချက်ရှည်တွေ (long take) နဲ့ တခြားသူတွေရဲ့ ရိုက်ချက်ရှည်တွေကြား မတူတဲ့အချက်တွေကို စဉ်းစားနေမိတာတော့ ကြာပြီ။ Damnation ကော၊ Satantango ကော၊ Werckmeister Harmonies ကောပါ ဟန်ဂေရီစာရေးဆရာ Lazlo Krasznahorkai ရဲ့ ဝတ္ထုတွေကို မှီးရိုက်ထားတာ။ သူ့စာတွေကိုလည်း အခုတလောလိုက်ဖတ်ဖြစ်နေတော့ တော်တော်လေးကောင်းတာကို သတိထားမိတယ်။ သူက စာကြောင်းရှည်ကြီးတွေကို တောက်လျှောက် ကျော့ရေးတတ်တယ်။ စာကြောင်းကိုတနေရာရာကစပြီး မဆုံးနိုင်တဲ့ သူရဲ့ သိပ်သည်းတဲ့ အရေးအသားတွေ၊ စာပုဒ်စုတွေကို ဖြတ်ပီးမှ တခြားနေရာရာမှာ ပြန်ဆုံးတာ။ရိုက်ချက်ရှည်တွေကို ကြည့်ရင်ရတဲ့ ခံစားချက်နဲ့တော့ ဆင်တယ်။ ဒါပေမဲ့ တူတော့မတူဘူး။ စာကြောင်းတွေက တခါတလေ အရမ်းရိုးရှင်းတဲ့အရာတွေကို ဖော်ပြလေ့ရှိတယ်။ ဥပမာ-နားနေခန်းထဲကလူတွေ ဘယ်လိုတွေးတောခံစားနေတယ်ဆိုတဲ့ အကြောင်း။ ဒါ့အပြင် စာကြောင်းတွေက အဲဒီလူတွေရဲ့ ဘဝဖြစ်စဉ်တစ်ခုလုံးကိုလည်း ခြုံငုံဖော်ပြနိုင်သေးတယ်။ ပြီးတော့ သူတို့ရဲ့ ကံကြမ္မာတွေ၊ အနာဂတ်တွေ၊ စောင့်ဆိုင်းရခြင်းရဲ့ မဆုံးနိုင်တဲ့ ကြာညောင်းမှုတွေအကြောင်းကိုလည်း အလားတူပဲ ဖော်ပြနိုင်သေးတယ်။ စာဖတ်နေတုန်းမှာလည်း မမြင်နိုင်တဲ့ ဘုရားသခင်တမျိုးမျိုးဆီ ဖွင့်ဟဝန်ခံချက်ပေးနေရသလိုမျိုး ခံစားရစေတယ်။ ရှင်းပြဖို့တော့ အခက်သား။ ဒါပေမဲ့ ကျွန်မအတွက် ဘာလို့ Krasznhorkaiရဲ့ စာကြောင်းတွေက အသက်ဝင်လှပြီး Bela Tarr ရဲ့ ရိုက်ချက်ရှည်တွေက ထိမိနေရသလဲဆိုတာကို အရမ်းစိတ်ဝင်စားတယ်။
မေး- တာကော့စကီးလို့ပေါ့။ဟုတ်လား။
ဖြေ- လူတွေက အမြဲလိုလိုပဲ Bela Tarr ကို Tarkovski နဲ့ နှိုင်းကြတယ်။ ဝေဖန်ရေးဆရာ Jonathan Rosenbaum ကဆို “ဘာသာရေးမနွယ်တဲ့ တာကော့စကီး” လို့တောင် သုံးသေးတယ်။
Bela Tarr ကတော့ “တာကော့စကီးရုပ်ရှင်တွေက ဘာသာရေးဆန်တယ်။ ကျွန်တော်နဲ့ တခြားဆီပဲ။ ဘုရားသခင်အပေါ် သက်ဝင်မှုရှိတာမို့ သူ့မှာ အမြဲမျှော်လင့်ချက်ဆိုတာရှိတယ်။ နောက်ပြီး သူက ကျွန်တော့်တို့ထက်လည်း အများကြီးဖြူစင်တယ်။ ကျွန်တော်တို့ မြင်ခဲ့ကြုံခဲ့ရတာတွေက သူနဲ့မတူတော့ သူ့လိုရုပ်ရှင်တွေ ရိုက်ဖို့က မဖြစ်နိုင်သလောက်ပဲ။ သူ့ရိုက်ဟန်ကလည်း တမူကွဲနေတယ်လို့ကျွန်တော်ထင်တယ်။ အဲဒါမို့ သူ့ရုပ်ရှင်တွေကြည့်ရင် သိမ်မွေ့ညင်သာတဲ့ ခံစားမှုကို ပိုရတာ။” လို့ ပြောထားတယ်။
နောက်ထပ် Bela Tarrပြောခဲ့တဲ့ စကားလေး ရှိသေးတယ်။
“တာကော့စကီးရုပ်ရှင်ထဲက မိုးရေစက်တွေက လူတွေကို သန့်စင်သွားစေတာ။ကျွန်တော့်ရုပ်ရှင်တွေထဲကြ ရွှံ့ဖြစ်သွားရုံထက် မပိုဘူး။”
ဒါပေမဲ့ သူတို့နှစ်ယောက်ကြား တူညီတာလေးတွေတော့ ရှိတယ်။နှစ်ယောက်စလုံးက ရိုက်ချက်ရှည်တွေကို သုံးပီး “အချိန်ကို ထုစစ်” ကြတဲ့နေရာမှာ တူတယ်။ကမ္ဘာကြီးကို မြင်တဲ့ အမြင်ရှုထောင့်တွေမှာတော့ ကွဲပြားကြတယ်။
Bela Tarr ရုပ်ရှင်တွေ ကြည့်ရင် ဘုရားကျောင်းက ဖွင့်ဟဝန်ခံတဲ့ အခန်းလေးထဲမှာ အပြစ်ဖြေနေရသလို ခံစားရတယ်။ တခါမှမရောက်ဖူးပေမယ့် စိတ်ကူးတော့ ယဉ်ကြည့်ဖူးတယ်။ မလုံဖြစ်နေတဲ့ အပြစ်စိတ်ရယ်၊ဝေးကွင်းနေတဲ့ စိတ်ရယ်ကို တပြိုင်နက်တည်း အတွင်းကျကျခံစားရတာမျိုးထင်တယ်။ Bela Tarr ရုပ်ရှင်တွေက ဘာသာရေးမနွယ်ပေမဲ့ ဘာသာရေးအကြောင်း တလုံးတထွေးကြီးပြထားတဲ့ တချို့ရုပ်ရှင်တွေထက် ပိုဘာသာရေးဆန်သလိုခံစားရတယ်။ မမြင်ရတဲ့ ဝေဝေဝါးဝါးရှိတဲ့ ဘာသာရေးအငွေ့အသက်လေးတွေက ကျွန်မအတွက်ပိုထိရောက်တယ်။ ကျွန်မကလည်း ကျွန်မကိုယ်ပိုင်ရိုက်ချက်ရှည်တွေကို ချရေးဖို့ ကြိုးစားနေတာ။အရင်က ကျွန်မရေးခဲ့တာတွေနဲ့ မတူတဲ့ ဟန်မျိုးပေါ့လေ။ လှုပ်ရှားမှုအရွေ့လေးတွေ၊အရာဝတ္ထုလေးတွေကို သေချာဖော်ပြထားတဲ့ ပြကွက်ရှည်တွေ ရေးပြဖို့ ကြိုးစားနေတာ။ဒါပေမဲ့ အယူအဆတွေအပေါ် တမင်သက်သက် မှီခိုထားပီး ရေးတာတော့ မဟုတ်ဘူး။
မေး- သူ့ရုပ်ရှင်တွေကို လူတွေကြည့်တာ၊အနက်ပြန်တာနဲ့ပတ်သက်ပီး Bela Tarr က အကဲဆတ်တတ်တယ်။ အခုလို Bela Tarr ရုပ်ရှင်ဟန်အတိုင်း စာရေးတယ်ဆိုတာသိရင် ဘယ်လိုတုံ့ပြန်မယ်ထင်လဲ။
ဖြေ- Damnationကို ရေးနေတုန်းက Bela Tarr ကို စိတ်ထဲထားပြီး ရေးနေတာမဟုတ်ဘူး။ အဲဒီစာတွေ ရေးနေတုန်းကတော့ သူ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတော့ ဖြစ်နေပြီ။ Satantango တို့၊ Wreckmeister Harmonies တို့ကိုတော့ ကြည့်ပြီးသွားပြီ။ နောက်ပြီး အဲဒီ အချိန်က စိတ်ဓာတ်တွေကျလို့ စာရေးဖို့လည်း အကြံဉာဏ်မထွက်တော့တဲ့ အချိန်။ သူ့ရုပ်ရှင်တွေကို ကြည့်မိတော့ သူ့ရုပ်ရှင်ထဲက ကမ္ဘာမှာနဲ့ ကျွန်မဆီမှာ ဘာတွေဖြစ်နေလဲဆိုတာကို တွေးမိသွားတယ်ဆိုပါတော့။ အဲဒါနဲ့ သူ့ရုပ်ရှင်ထဲက ကမ္ဘာထဲမှာ ဖြစ်ပျက်နေတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေအကြောင်း စာကြမ်းလေးနည်းနည်းရေးမိတယ်။ ဇာတ်ကြောင်းသက်သက်ရှိပေမယ့် အကုန်လုံးက သူ့ရုပ်ရှင်တွေ ကြည့်ရင်းကနေ အာရုံရလာတာ။ သူ့ရုပ်ရှင်တွေက ကျွန်မအရေးအသားတွေကို ပြောင်းလဲလိုက်စေတယ်ပဲ ပြောရမှာပဲ။
မေး- လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ကော Bela Tarr ကို စဉ်းစားကြည့်မိဖူးလား။
ဖြေ- စာတွေရေးပြီးမှ ထည့်စဉ်းစားဖြစ်တာ။ ကျွန်မရေးထားတာတွေနဲ့ ပတ်သက်ပြီး ဘာလိုထင်မလဲဆိုတာတော့ ကျွန်မမသိဘူး။ အစက Jared Wooland နဲ့တွဲပြီး ဟန်ဂေရီစာရေးဆရာ Lazlo Krasznahorkai ရဲ့ Satantango ရဲ့ စာအုပ်ကို ဝေဖန်လေ့လာမှုတွေရေးတာကနေ စခဲ့တာ။ နောက်တော့ စာအုပ်တစ်အုပ်စာလောက် လိုမယ့် အလုပ်လို့ သတ်မှတ်ပြီး စာအုပ်ကို ရုပ်ရှင်နဲ့ ယှဉ်နှိုင်းယှဉ်လေ့လာကြတယ်။ လေ့လာမှုအတွက် သူတို့နှစ်ယောက်ရဲ့ အင်တာဗျုးတွေကို ရှာဖတ်ရတယ်လေ။ တခါတလေကြ သူတို့လက်ရာတွေနဲ့ ပတ်သက်ပြီး သူတို့ပြောတာတွေကို လက်မခံနိုင်တာမျိုးလည်း ကြုံရတယ်။ ဒါပေမဲ့ သူတို့ပြောတာတွေကို သဘောတူမိတာတွေလည်း အများကြီးပါ။ ဒါပေမဲ့ Bela Tarr က သူ့လက်ရာတွေကို ရှင်းပြရတာမျိူးကို မကြိုက်ဘူးထင်တယ်။ အဲဒါကလည်း နားလည်လို့ရတဲ့ အရာပါပဲ။ အနုပညာလက်ရာတစ်ခုချင်းဆီတိုင်းဟာ သူ့အနှစ်သာရနဲ့သူသက်သက်ရပ်တည်နေတာမျိုးကိုး။ ဒါပေမဲ့ သူ့လက်ရာတွေကို ကြည့်ပြီး လူတွေခံစားရတာကို ပြောင်းသွားအောင်တော့ သူလည်းတတ်နိုင်လိမ့်မယ် မထင်ဘူး။
မေး- အင်တာဗျုးတစ်ခုမှာ မျက်မှောက်ခေတ် ရုပ်ရှင်လောကနဲ့ ပတ်သက်ပြီး သူပြောထားတာတစ်ခုရှိတယ်။ သူက ဟောလိဝုဒ်ကရုပ်ရှင်တွေကို ဆန့်ကျင်တယ်တဲ့။ ရုပ်ရှင်ဟာ အစစ်အမှန်လောကတို့၊အချိန်တို့လို အရာတွေကို ဖော်ပြရမှာဖြစ်တယ်။ အစစ်အမှန်ကမ္ဘာဆိုတဲ့ စကားလုံးကို သူ အမြဲသုံးတတ်တယ်။အစစ်အမှန်လောကကို ရှာဖွေဖို့လည်း ပြောတယ်။ခင်ဗျားက သူပြောတာတွေကို သဘောတူလား။
ဖြေ- ရုပ်ရှင်က လုပ်ဆောင်နိုင်တဲ့အလုပ်တွေအများကြီးရှိတယ်လို့ ကျွန်မယူဆတယ်။ ကျွန်မဆိုလည်း အက်ရှင်ရုပ်ရှင်တွေကို ကြိုက်တယ်။ နောက်ဆုံးထွက်ထားတဲ့ Fast and furious ရုပ်ရှင်ကိုတောင် သွားကြည့်ခဲ့သေးတယ်။ အဲဒီလိုရုပ်ရှင်ကပေးတဲ့ အရသာနဲ့ Bela Tarr ရုပ်ရှင်ကပေးတာနဲ့ အများကြီးကွာတယ်။ရုပ်ရှင်ကို တစ်မျိုးတည်းသတ်မှတ်ထားလို့ ရမရတော့ ကျွန်မလည်း မပြောတတ်ဘူး။
မေး- Fast and furiousလို ရုပ်ရှင်မျိုးက လုပ်ဆောင်တာက အပန်းဖြေဖို့ ရည်ရွယ်ချက်ပေါ့။
ဖြေ- အပန်းပြေစေဖို့နဲ့ တချို့ခံစားမှုတွေကို ရစေဖို့ပေါ့။ Bela Tarrရုပ်ရှင်နဲ့တော့ မတူဘူး။ “အစစ်အမှန်လောက” ဆိုတဲ့ စကားလုံးကို ခဏခဏသုံးတာတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာလို့လဲဆိုတော့ Jared နဲ့ ကျွန်မ သူ့ရုပ်ရှင်တွေအကြောင်း ဆွေးနွေးရင်း ပြောမိတဲ့ထဲက အချက်တစ်ခုက သူ့ရုပ်ရှင်တွေက အစစ်အမှန်ကို လှောင်ထားသလိုပဲ ဆိုတာ။ ဟုတ်တယ်။ သူ့ရုပ်ရှင်တွေက တကယ့်အပြင်အချိန်နဲ့ တထပ်တည်းကျနေတဲ့ ရိုက်ချက်ရှည်တွေနဲ့ ဖွဲ့စည်းထားတာမှန်ပေမယ့် ရုပ်ရှင်ထဲက ဖြစ်ရပ်တွေက လောကကို ထင်ဟပ်ပြနေတဲ့ သရုပ်မှန် ပြကွက်တွေလိုဖြစ်မနေဘူး။ သူ့အစောပိုင်း မှတ်တမ်းဇာတ်လမ်းဟန်ရုပ်ရှင်တွေကနေ စလာတယ်ထင်တာပဲ။ နေရာတွေ ဒါမှမဟုတ် နံရံမျက်နှာပြင်တွေကို ရိုက်ပြထားရင် တကယ့်အပြင်ကအတိုင်း စစ်မှန်မှုကို ခံစားရစေပေမယ့် ဇာတ်လမ်းဆန်နေတဲ့ ကမ္ဘာကြီးကို ပြနေတဲ့ ဒဿနဆန်တဲ့ သရုပ်ဆောင်တွေရဲ့ လှုပ်ရှားမှုတွေ၊ဒိုင်ယာလော့တွေလည်း ပါနေသေးတယ်။ ကြည့်သူတွေက ရုပ်ရှင်ဟာ တမင်ဇာတ်ဆင်ပြထားတယ်ဆိုတာကို အမြဲလိုလိုပဲ ခံစားနေရစေတယ်။
မေး- ဟုတ်တယ်။ Bela Tarrက မှတ်တမ်းရုပ်ရှင်စစ်စစ်တွေ ရိုက်နေတာမဟုတ်ဘူး။ ဇာတ်ဆန်တဲ့ အရည်အသွေးတစ်ခုခုတော့ ပါလေ့ရှိတယ်။ နောက် Bela Tarr ရဲ့ ရိုက်ချက်ရှည်တွေက နာမ်ပိုင်းဆိုင်ရာတစ်ခုခုကို ဖမ်းဆုတ်ပြဖို့ ကြိုစားနေတာ မဟုတ်လား။
ဖြေ- တနည်းအားဖြင့်တော့ ဟုတ်တယ်လို့ပြောရတယ်။ ကြည့်ရဆိုးတဲ့ အစစ်အမှန်လောကကို လေးလေးတွဲ့တွဲ့ပြရင်း နာမ်ပိုင်းဆိုင်ရာတစ်ခုခုကို ဖမ်းဆုတ်ဖို့ ကြိုးစားနေတာလို့ ထင်တယ်။ တခြားရုပ်ရှင်တွေမှာကြ ရိုက်ချက်ရှည်တွေက ရိုက်နေတဲ့ပြကွက်ထဲက အလှကိုတင်ပြချင်တာ။ အလှပုံဖော်ကျုးတယ်လို့တောင် ပြောရတယ်။ Bela Tarrရုပ်ရှင်တွေမှာကြ သူရိုက်ပြတဲ့အရာတွေဟာ ရိုက်ချက်ရှည်ကြီးနဲ့ ပြဖို့မလိုတဲ့ အရာတွေလို့တောင် ထင်စရာ။ တခါတလေ လူတစ်ယောက် အိပ်ပျော်နေတာ။ မိုးတွေ ရွာနေတာကို အကြာကြီးရိုက်ပြထားတယ်။ Satantangoထဲမှာ ဇာတ်ဝင်ခန်းတစ်ခုပါတယ်။ ဆရာဝန်တစ်ယောက်။သူ့ခန္တာကိုယ်ကြီးက ဝပီးကြီးလွန်းတော့ မနည်းသွားနေရတဲ့အခန်း။ တောအုပ်ထဲမှာ ဆရာဝန်လမ်းလျောက်နေတာကို ၁၅မိနစ်လောက်ကြာအောင် ပြထားတယ်။ တခါတလေ သစ်ပင်တွေကြားထဲရောက်သွားတော့ သူ့ကိုမမြင်ရတော့ဘူး။ နောက်ပြီး မှောင်ကမှောင်နေသေးတယ်။ ကြည့်ရတာ စိတ်မသက်မသာဖြစ်မိတယ်။ တော်တော်ကြီးလည်း အားထုတ်လိုက်ရတယ်။ ဘာလို့ အဲဒီလောက်ကြာအောင်ပြထားလည်း ဆိုတာတော့ ကျွန်မတို့ကြည့်သူတွေ သေချာမသိဘူး။တခြားရုပ်ရှင်တွေလို အပန်းဖြေအရသာခံကြည့်ရတဲ့ ပမာဏထက် ပြချိန်က ကျော်နေတာတော့ သိတယ်။အဲဒီဆရာဝန်နဲ့အတူ တချိန်တည်းမှာ ဖြစ်တည်နေရတဲ့ခံစားမှုမျိုးတော့ ရတယ်။ ထူးခြားတဲ့ ရင်းနှီးဆက်သွယ်မှုကိုလည်း ရစေတယ်။ Beckett ရဲ့ စာသားဖြစ်တဲ့ “ငါတော့ ရှေ့မဆက်နိုင်တော့ဘူး။ ရှေ့ဆက်ဖြစ်အောင်လည်း လုပ်ကိုလုပ်ရဦးမယ်”ဆိုတာမျိုး။ ဒါမှမဟုတ် Peggy Leeရဲ့ “ဒါအကုန်ပဲလားရှင်” ဆိုတာမျိုး။
မေး- ကြားရတာ မသက်မသာရှိလိုက်တာဗျာ။
ဖြေ- ဟုတ်တယ်လို့လည်းပြောရတယ်။ ဒါပေမဲ့ တကယ်တော့ မဟုတ်ဘူး။ Bela Tarr ရဲ့ နောက်ဆုံးရုပ်ရှင် The Turin Horse ကိုပဲကြည့်။ ရုပ်ရှင်ခေါင်းစဉ်က နိချေးဆီကယူထားတာ။ နိချေးလမ်းလျောက်ရင်း လမ်းပေါ်မှာ လူတစ်ယောက်က မြင်းတစ်ကောင်ကို ရိုက်နေတဲ့အဖြစ်ကို ကြုံရတဲ့ဖြစ်ရပ်ကနေလာတာ။ရုပ်ရှင်ကို လူတစ်ယောက်ရယ်၊ သူ့သမီးရယ်၊ မြင်းတစ်ယောက်ရယ်ကို ပြရင်း စထားတယ်။ သူတို့နေစဉ်အလုပ်တွေလုပ်နေတာကိုပဲ ရိုက်ချက်ရှည်တွေနဲ့ ရိုက်ပြထားတာ။ ဥပမာဆို သူတို့အင်္ကျီဝတ်နေတာတွေ၊အာလူးစားနေတာတွေကို အကြာကြီးရိုက်ပြထားတယ်။ နောက် ရုပ်ရှင်ထဲမှာ ၆ရက်လောက် ဆက်တိုက်အဲဒီလိုဖြစ်ရပ်တွေပဲ ဖြစ်နေတာ။ ကြည့်သူတစ်ယောက်အနေနဲ့ သဘောပေါက်လာတာက အဲဒီလိုနေ့စဉ်အလုပ်တွေကို ရိုက်ပြတာဟာ လိုအပ်တယ်ဆိုတာပါ။ အဲဒါမှ နည်းနည်းလောက်ပြောင်းလဲသွားတာနဲ့ ရိုက်ခတ်မှုအကြီးကြီးရှိတယ်ဆိုတဲ့သဘောကို နားလည်မှာလေ။ ဥပမာပြောရမယ်ဆိုရင် ရုပ်ရှင်ထဲမှာ သူတို့စားသောက်နေတဲ့အခန်းကို တပုံစံတည်းလေးကြိမ်လောက်ပြပြီးပြီ။ ဒါပေမဲ့ တရက်ကြ ဂျစ်ပဆီတွေ သူတို့ခြံ ရေတွင်းထဲက ရေကို သောက်ဖို့လုပ်နေတာကို ပြတယ်။ အဲဒီမှာ သူတို့နေ့စဉ်လုပ်နေတဲ့အလုပ်ဟာ ပြတ်တောက်သွားတယ်။ ကြည့်သူတစ်ယောက်အနေနဲ့ လည်း သတိထားမိသွားစေတယ်လေ။
မေး- Zizekပြောတာကိုတောင် သတိရမိတယ်။ Zizek က Psycho ရုပ်ရှင်ထဲမှာ သူအကြိုက်ဆုံးအခန်းက Norman Bates တယောက်လူသတ်အပြီး ရေချိုးခန်းကို သန့်ရှင်းရေးလုပ်နေတဲ့ ဇာတ်ဝင်ခန်းလို့ ပြောတာလေ။ အဲဒီလို သန့်ရှင်းရေးလုပ်နေတာကိုပဲ ၁၀မိနစ်လောက်ကြာအောင် ရိုက်ပြထားတယ်။ Zizekက ခင်ဗျားပြောသလိုပဲ ရိုက်ချက်ရှည်တွေဟာ လုံခြုံရင်းနှီးစေတဲ့ ခံစားမှုကို ပေးတယ်လို့ ပြောတယ်။ဒါပေမဲ့ လူတစ်ယောက် နေ့စဉ်သာမန်အလုပ် လုပ်နေတာကို အကြာကြီးရိုက်ပြထားတာကို ကြည့်ရတာကတော့ တမူပိုထူးတယ်လို့ပြောထားသေးတယ်။
ဖြေ- ကျွန်မအထင်တော့ အဲဒီလိုအခိုက်အတန့်မျိုးကို ပြတဲ့ရိုက်ချက်တွေက ကျွန်မတို့ရဲ့ ဆုံးဖြတ်အနက်ပြန်တဲ့ဖြစ်စဉ်ကို ခဏရပ်ဆိုင်းထားစေတာမျိုး။ ရိုက်ချက်ရှည်တွေနဲ့ ပတ်သက်ပီး ပါဆိုလီနီပြောထားတဲ့ အတိုင်းဆို တည်းဖြတ်မှုတစ်ခုပြုလုပ်လိုက်တယ်ဆိုတာ ပီးပြည့်သွားတဲ့ ခံစားမှုကိုပေးစေတာ။ အဲဒါမို့ ရိုက်ချက်ရှည်တွေဟာ အာရုံခံစားမှုအရ ပစ္စုပ္ပန်မှာ ဖြစ်နေသလိုခံစားရစေတာ။ တည်းဖြတ်လိုက်ပြီဆိုတော့မှ အတိတ်ကို ရောက်သွားတာ။ ရိုက်ချက်ရှည်ကို ကြည့်နေတုန်းဆို ပြကွက် မပြီးမချင်း(တည်းဖြတ်မှု မလုပ်မချင်း) စိတ်တွင်းမှာဘာတွေခံစားနေရလဲဆိုတာနဲ့ ရုပ်ရှင်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လွှဲပြောင်းကြည့်လို့မရသေးဘူး။ အာရုံထဲတွေးရင်တော့ တွေးမိနေလိမ့်မယ်။ ဒါပေမဲ့ တွေးနေသမျှသလည်း ပစ္စုပ္ပန့်အခိုက်လေးကို ခံစားမြင်နေတာသက်သက်ပဲ။ ဒါမှမဟုတ် အတွင်းထဲမှာ ခံစားနေရတာတွေလည်း ဖြစ်နိုင်တယ်။ ရိုက်ချက်ရှည်ပြကွက် မပြီးမချင်း အဲဒီနှစ်ခုကို ချိတ်ဆက်ကြည့်လို့ရမှာမဟုတ်ဘူး။
မေး- ရိုက်ချက်ရှည်တွေအကြောင်းကို သတိထားမိနေတာကြာပီလား။
ဖြေ- ဟိုးအကြာကြီးကတည်းက ကျွန်မစိတ်ထဲရှိနေတာ။ ဒါပေမဲ့ အခုကြ ကျွန်မစာတွေက အဲဒီရိုက်ချက်တွေနဲ့ပိုဆိုင်လာတာလဲ ပါတာပေါ့။
မေး- သုံးပါများလာရင်ကော ရိုးမသွားနိုင်ဘူးလား။အဲဒီအခါကြရင်ကော စိတ်ဝင်စားစရာကောင်းပါဦးမလား။
ဖြေ- ရိုက်ချက်ရှည်ဆိုတာကလည်း လူတိုင်းသုံးလို့ရတဲ့ နည်းစနစ်တစ်ခုပဲလေ။
မေး- ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ သူအကြိုက်ဆုံးဒါရိုက်တာက Eric Rohmer လို့ ပြောတယ်။ ဒါပေမဲ့ သူ့ရုပ်ရှင်တွေက ဘယ်လောက်စစ်မှန်ပါတယ်ပြောပြော ဇာတ်လမ်းတွေက အပ်ကြောင်းထပ်နေတာ မဟုတ်လား။ ခင်ဗျားသိတဲ့အတိုင်းပဲ Rohmer ရုပ်ရှင်တိုင်းမှာ အဓိကဇာတ်ကောင်က အစမှာ ကောင်မလေးတွေနဲ့ တွေ့မယ်။ ဇနီးကို သစ္စာမဖောက်ရက်ဘူး။ ဒါမှမဟုတ်ရင်လည်း ကောင်မလေးငယ်ငယ်လေးတွေဆီကနေ အခွင့်အရေးမယူရက်ဘူး စသဖြင့် နောက်ဆုံးကြ မှန်ကန်တဲ့ဖက်ပဲ ရွေးသွားတာမို့လား။
ဖြေ- ရိုက်ချက်ရှည်တွေတိုင်းက တူညီတဲ့အဆင့်မှာရှိတာမဟုတ်ဘူး။ ကျွန်မအတွက်ကတော့ အောင်မြင်တဲ့ရိုက်ချက်ရှည်ဆိုတာ မတူညီတဲ့အခိုက်အတန့်တွေကို ပေါင်းစပ်ပြနိုင်တာ။ တဆက်တည်းပြနေတာဖြစ်နေရင်တောင်မှ အဖြောင့်သဘောတော့ သွားနေတာ ဟုတ်ချင်မှဟုတ်မယ်။ ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာတော့ ရိုက်ချက်ရှည်တွေက ဇာတ်ကွက်ကို ကူညီဖို့အတွက် ထည့်ထားတာမျိုး။ ဥပမာ-Orson Wellesရဲ့ ရုပ်ရှင်ထဲက ရိုက်ချက်ရှည်တွေနဲ့ Wong Kar Wai ဒါမှမဟုတ် Bela Tarrရဲ့ ရုပ်ရှင်ထဲက ရိုက်ချက်ရှည်တွေ လုပ်ဆောင်ပုံခြင်းတူမှာမဟုတ်ဘူး။ စကားမစပ် ရှင် Satantango ကို ကြည့်ဖူးလား။
မေး- မကြည့်ဖူးသေးဘူး။
ဖြေ- ရုပ်ရှင်က ခုနစ်နာရီလောက်ကြာတယ်။ တချို့ဆို ကြည့်ရင်း အိပ်ပျော်သွားကြတယ်။ တချို့ကြ ကြည့်ရင်း အိပ်ပျော်ပီး တရေးပြန်နိုးလာသေးတယ်။Satantangoရုပ်ရှင်ရဲ့ အဖွင့်ခန်းကိုက အရမ်းမိုက်တာ။ နွားတွေကို ဆယ်မိနစ်လောက်ကြာအောင် ရိုက်ပြထားတာ။ ကင်မရာက နွားတွေနဲ့အတူ လိုက်ရွေ့နေသလိုပဲ။ တခါမှာကြ နွားတစ်ကောင်က တခြားနွားတစ်ကောင်ပေါ် တက်ခွနေသေးတယ်။ သူတို့ရဲ့ အသံဆွဲပီး အော်တဲ့အသံတွေကလည်း အတိုင်းသားကြားနေရတယ်။ မိုးကလည်း ကျနေသေး။ အဲဒီဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပီး ရေးထားတာကို ဖတ်ဖူးတယ်။ ကြည့်နေတုန်းကြ အဲဒီနွားတွေ သွားချင်သလိုသွားနေတာကို ရိုက်ထားတာနဲ့ တူတယ်လို့ ခံစားရတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးရဖို့ ခဏခဏကြိုးစားပြီး ရိုက်ထားရတာလည်း ဖြစ်နိုင်တာပဲလေ။ ပြောရမယ်ဆိုရင် နွားတွေ သွားချင်သလို သွားနေတာကို ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်ဆန်ဆန်ပြကွက်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကင်မရာကဖြေးဖြေးလေး လိုက်ရွေ့နေတော့ ကင်မရာကို သတိထားမိစေတယ်။ ဇာတ်လမ်းရုပ်ရှင်နဲ့ မှတ်တမ်းရုပ်ရှင် နှစ်ခုကို ထူးခြားစွာ ပေါင်းစပ်ပြထားသလိုမျိုး။
မေး- အခုလောလောဆယ် Jon Wagner နဲ့ တွဲပြီး အလုပ်လုပ်နေတာလား။
ဖြေ- Jon Wagnerနဲ့က ရိုက်ချက်ရှည်တွေအကြောင်း နည်းနည်းပဲ ပြောဖြစ်တယ်။ ပါဆိုလီနီရုပ်ရှင်တွေအကြောင်း ပိုပြောဖြစ်တယ်။ သူက အရင်တုန်းကတော့တာကော့စကီးကို အကြိုက်ဆုံးတဲ့။ အခုတော့ Bela Tarrက ပိုကောင်းတယ် ထင်နေတယ်လေ။ ကျွန်မလည်း Bela Tarrရုပ်ရှင်တွေ မကြည့်ရသေးခင်အထိတော့ တာကော့စကီးရဲ့ အမာခံပရိသတ်ပဲ။ Bela Tarr ရုပ်ရှင်တွေကို ကြည့်အပြီး ရလာတဲ့ ခံစားမှုမျိုး ဘယ်မှာမှမရဖူးဘူး။ ကျွန်မတို့နှစ်ယောက် Bela Tarrရဲ့ ရိုက်ချက်ရှည်တွေကို ကြည့်အပြီး ခံစားရတဲ့ လင်းပွင့်မှုတွေအကြောင်းပြောဖြစ်သေးတယ်။နားလည်တာနဲ့ လင်းပွင့်တာ မတူဘူးနော်။ နားမလည်လည်း လင်းပွင့်မှုကို ခံစားလို့ရတယ်။
မေး- သူက ပျင်းရိမှုကို ထည့်ပြဖို့ ကြိုးစားသေးသလား။ Godard ခဏခဏ လုပ်ပြသလိုပေါ့။
ဖြေ- ကျွန်မတစ်ယောက်တည်းအနေနဲ့ဆိုရင်တော့ ငြင်းရမှာပဲ။ ရိုက်ချက်ရှည်တွေကို ပျင်းစရာကောင်းတယ်လို့ ထင်တဲ့သူလည်း ရှိတော့ ရှိမှာပါ။ နည်းနည်းလေး သည်းခံဖို့တော့ လိုမယ်ထင်တယ်။ ရိုက်ချက်ရှည်တွေ ဒါမှမဟုတ် အဲဒီလိုရိုက်ချက်တွေပါတဲ့ ရုပ်ရှင်တွေကို မကြိုက်တဲ့သူဆိုရင်တော့လည်း
မေး- Andy Warhol ရုပ်ရှင်တွေတော့ မကြိုက်ဘူးဗျ
ဖြေ- ကျွန်မလည်း တူတူပါပဲ။ Bela Tarrရဲ့ ရုပ်ရှင်က ခုနစ်နာရီသာ ကြာတာ။ မသိသာဘူး။ တခြားလူတွေနဲ့ အဲဒီရုပ်ရှင်ကို တူတူကြည့်ဖူးတယ်။ ခုနစ်နာရီတောင် ကြာတယ်လို့ ခံစားရတဲ့သူနည်းတယ်။ နောက်ပြီး ပေးရတဲ့အချိန်နဲ့လည်း တန်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ဘယ်လိုခံစားရလဲဆိုတာတော့ အတိအကျရှင်းပြဖို့ ခက်တယ်။ ကျွန်မခံစားရတာနဲ့ တူညီတဲ့ အက်ဆေးလေးတစ်ပုဒ်တော့ ရှိတယ်။ အဲဒါကတော့ ရိုက်ချက်ရှည်တွေနဲ့ ပတ်သက်ပီး ပါဆိုလီနီရေးထားတဲ့အက်ဆေးလေး။ Bela Tarrရုပ်ရှင်တွေနဲ့ ပတ်သက်ပီး ရုပ်ရှင်ခံစားမှုဆောင်းပါးတွေ၊ အညွှန်းတွေကလွဲလို့ သေသေချာချာလေ့လာသုံးသပ်ပြထားတာလည်း ရှားတယ်။ အခုလောလောလတ်လတ်တော့ The cinema of Bela Tarr:The circle closes ဆိုတဲ့ Bela Tarr ရဲ့ ရုပ်ရှင်တွေကို ဆန်းစစ်ပြထားတဲ့ စာအုပ်ရယ်၊Jacques Raciereရဲ့ Bela Tarr:The time afterဆိုတဲ့ စာအုပ်တွေ ထွက်လာတယ်။
မေး- သူ့ရုပ်ရှင်တွေမှာ မရိုက်ကူးခင် ကြိုတင်ပြင်ဆင်ရတဲ့ အလုပ်တွေ ဘယ်လောက်တောင် ရှိမလဲဆိုတာတော့ သိချင်မိတယ်။ သတင်းတစ်ခုမှာ ရေးထားတဲ့အတိုင်းဆို MacBeth ရုပ်ရှင်ရိုက်တုန်းက တနာရီစာ ရိုက်ဖို့ကို သုံးနာရီလောက် ကြိုတင် ရီဟာဇယ်လုပ်ရတယ်ဆိုပဲ။ ရိုက်တုန်းလည်း သရုပ်ဆောင်တစ်ယောက်ယောက်က အမှားလေးလုပ်မိပီဆိုတာနဲ့ အစကနေ ပြန်စရတယ်ပြောတယ်။
ဖြေ- ဟုတ်တယ်။ ကကွက်ဆန်းဆန်းကနေရသလိုပေါ့။
မေး- ဟုတ်မယ်။ ရိုက်ချက်ရှည်တွေမှာကြ ကကွက်တွေလို သရုပ်ဆောင်တွေ တပြေးညီအကွက်ကျကျလှုပ်ရှားနေဖို့က လိုတာကိုး။
ဖြေ- ရိုက်ချက်ရှည်တွေမှာလည်း ပုံစံအမျိုးမျိုးရှိတယ်။ Orson Wellesရဲ့ Touch of evilထဲက နာမည်ကြီးရိုက်ချက်ရှည်ကကြ ကြည့်သူကို စိတ်လှုပ်ရှားခံစားစေဖို့ ရည်ရွယ်တာမျိုး။ နောက် Good Bye, Dragon Inn ထဲကလို ရိုက်ချက်ရှည်မျိုးတွေလည်း ရှိသေးတယ်။ အဲဒီလိုရိုက်ချက်ရှည်မျိုးတွေမှာကြ ကြည့်ရတာ ကြိုးစားအားထုတ်မှုလိုတယ်။ ဒါပေမဲ့ သူ့အလှနဲ့သူတော့ ရှိတယ်။ ရုပ်ရှင်ရဲ့ နောက်ဆုံးရိုက်ချက်မှာဆို ရုပ်ရှင်ရုံထဲကမြင်ကွင်းကို ရိုက်ပြထားတာ။ ကင်မရာက လှုပ်ရှားမှုဖြစ်နေတဲ့နေရာနဲ့ အဝေးကြီးမှာ။ အဘွားကြီးတစ်ယောက်က နှေးနှေးကွေးကွေးလေး လမ်းလျောက်လာပီး ထိုင်ခုံတွေကို ဖုံသုတ်နေတယ်။ အင်တာဗျုးတစ်ခုထဲမှာ Ming-liang Tsaiက အဲဒီရိုက်ချက်ဟာ ရုပ်ရှင်ရုံကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ထားတာလို့ဖြေတယ်။ အဲဒီရုပ်ရှင်ရုံကလည်း ရုပ်ရှင်ရိုက်ပီးတာနဲ့ အဖျက်ခံလိုက်ရတာမို့လား။ အဲဒါမို့ သူက ရိုက်ချက်ကို ကြာနိုင်သမျှကြာအောင် ရိုက်ပြချင်တာ။Orson Wellesရဲ့ ရိုက်ချက်ရှည်တွေနဲ့ ကွာတယ်လေ။Bela Tarrကကြ “တကယ့်အချိန်”ထဲမှာ ဖြစ်နေတာကို ရိုက်ပြချင်တာ။အဲဒါမို့ သူ့ရုပ်ရှင်တွေထဲမှာ လူတွေဟာ အပြင်မှာထက်တောင် နှေးနေသလိုခံစားရတာ။
မေး- ရိုက်ချက်ရှည်ပြကွက်ထဲမှာလား။
ဖြေ- ဥပမာပေးပြောရမယ်ဆို Satantangoထဲမှာ ခုနကပြောတဲ့ ဆရာဝန်ဇာတ်ကောင်ပါတယ်။ ဆရာဝန်ဟာ ကျန်းမာရေး မာမာချာချာရှိလှတာမဟုတ်ဘူး။ အမြဲတမ်း အသက်ကို ပြင်းပြင်းရှုနေရတာကို တွေ့ရတယ်။ ကင်မရာက မကြာခဏဆိုသလို ဘေးချင်းကပ်ရပ်ကနေရိုက်ပြထားတော့ ကြည့်သူအတွက် စိတ်မသက်မသာဖြစ်စေတယ်။ ဆရာဝန်ဇာတ်ကောင်က အရာအားလုံးကို မှတ်စုစာအုပ်လေးတွေထဲ ရေးရေးပီး မှတ်တမ်းတင်ထားလေ့ရှိတယ်။ သူလုပ်သမျှအရာတိုင်း (ဥပမာ ရေသောက်တာကစ)ကလည်း အရမ်းကြာတယ်။ တကယ့်အပြင်ကလူတစ်ယောက်လုပ်ရင်တောင် သူ့လောက်ကြာမှာမဟုတ်သလိုပဲ။ သူရေငှဲ့နေတာက ကြာပီး ဖိတ်ကျတော့မလိုတောင် ဖြစ်နေတော့ သူ့အစားဝင်ထည့်ပေးချင်စိတ်တောင်ဖြစ်လောက်အောင်အထိပဲ။ အဲဒီလိုပြကွက်တွေက သရုပ်မှန်ဖြစ်တာတင်မကတော့ဘူး။သရုပ်မှန်တာထက်တောင် လွန်နေတာ။ (hyperrealistic)
မေး- Bela Tarr ရုပ်ရှင်တွေချည်း အချိန်အကြာကြီး ကြည့်ပြီး ဟောလိဝုဒ်ရုပ်ရှင်တွေ ပြန်ကြည့်တော့ ဘယ်လိုနေလဲ။ ခက်ခဲမှုတွေကြုံရသေးလား။
ဖြေ- တကယ်တော့ ပိုတောင်ချောမွေ့သွားသေးတယ်။ကျွန်မအတွက်ကတော့ Bela Tarr ရုပ်ရှင်တွေချည်းတသက်လုံးကြည့်နေနိုင်မှာမဟုတ်သလို Fast and furious လိုဟောလိဝုဒ်ရုပ်ရှင်တွေချည်းလည်း ထိုင်ကြည့်နေနိုင်မှာမဟုတ်ဘူး။ နှစ်မျိုးစလုံးကို လိုအပ်တာ သေချာတယ်။
2013 ထွက် 3:AM မဂ္ဂဇင်းပါ Janice Lee အင်တာဗျုးကို ပြန်တယ်။
ကျော်ဇေယျာလွင်
၂၀၁၈












